0


ရန်ကုန်၊ နိုဝင်ဘာ ၂၂

နိုဘယ်လ် ငြိမ်းချမ်းရေး ဆုငွေများနှင့် စစ်ဘေးသင့်ဒေသ ကလေးသူငယ်များအတွက် ပံ့ပိုးကူညီရန် တည်ထောင်ထားသော EU Children of Peace က ရခိုင်ပြည်နယ်ရှိ ရွှေ့ပြောင်း ဒုက္ခသည်စခန်းများမှကလေးသူငယ်များ အပါအဝင် နိုင်ငံပေါင်း ကိုးနိုင်ငံက ကလေးသူငယ် ရှစ်သောင်းကျော်တို့၏ ပညာရေးအတွက် ထောက်ပံ့ပေး သွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဥရောပ သမဂ္ဂက ထုတ်ပြန်လိုက်သည်။

ယင်းအစီအစဉ်ကို ရန်ပုံငွေ ယူရို လေးသန်း ပံ့ပိုးထားပြီး နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း ကိုးခုမှတစ်ဆင့် ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံအတွက် Finn Church Aid အဖွဲ့အစည်းမှတစ်ဆင့် ကူညီသွားမည် ဖြစ်ပြီး ဒုက္ခသည် စခန်းများမှ ကလေးသူငယ်များအတွက် ကျောင်းပညာရေး သာမက ကျောင်းပြင်ပ ပညာရေးအတွက်လည်း ပံ့ပိုးသွားရန် ရှိကြောင်း၊ အဆိုပါ ပညာရေး ထောက်ပံ့မှုကို လူမျိုး၊ ဘာသာ မခွဲခြားဘဲ ကလေးသူငယ် ၇,၂၅၀ ဦး အတွက် ကူညီသွားမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ ပေးရေးနှင့် နိုင်ငံသား အခွင့်အရေးဌာနက အသေးစိတ် ထုတ်ပြန် ခဲ့သည်။

ယင်းအပြင် ပဋိပက္ခကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့သော ကလေးသူငယ်များအတွက် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှု များလည်း ပေးသွားမည် ဖြစ်ကြောင်း ဆက်လက် ဖော်ပြထားသည်။
“ပညာရေးဆိုတာ ရေးတတ်၊ တွက်တတ်ရုံတင် မဟုတ်ပါဘူး။ ပညာရေးနဲ့ပဲ ငြိမ်းချမ်းရေးနဲ့ ရေရှည် ဖွံ့ဖြိုးရေးကို တည်ဆောက်နိုင်တာပါ” ဟု EU Children of Peace ဦးဆောင်သူ Ms.Kristalina Georgieva က ပြောကြားသည်။

EU အနေနှင့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှုများ ပေးရန် ယူရို သန်း ၁၄၀ လျာထားကြောင်း နိုဝင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။

အေးချမ်းမွန် Credit To >The Voice Weekly https://www.facebook.com/excellencemedia

Post a Comment

 
Top