ရန်ကုန်၊ နိုဝင်ဘာ ၂၂
၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ် လောင်းများ၏ မှတ်ပုံတင်ကြေးကို ကျပ်ငါးသိန်းမှ သုံးသိန်း လျှော့ချရေးမှာ ဆွေးနွေးဆဲ အဆင့်သာ ရှိသေးကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မဟာဗျူဟာ စီမံကိန်းအတွက် နိုဝင်ဘာ ၂၂ ရက်နေ့က ရန်ကုန်မြို့တော် ပန်ဒါ ဟိုတယ်တွင် ပြုလုပ်သော နိုင်ငံရေး ပါတီများနှင့် တိုင်ပင်ညှိနှိုင်း ဆွေးနွေးပွဲတွင် ၎င်းက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“အခုမှလျှော့ဖို့ အစီအစဉ်အတွက် ကော်မရှင်မှာ ပြန်လည် ညှိနှိုင်း နေတုန်းပါပဲ” ဟု ၎င်းကပြောကြားသည်။
အဆိုပါ မှတ်ပုံတင်ကြေး ပြင်ဆင်ခြင်းသည် ပါတီဝင် ကိုယ်စားလှယ်လောင်းများအတွက် အဆင်ပြေနိုင်မည် ဖြစ်သော်လည်း တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် များပြားလာနိုင်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က သုံးသပ်ပြောကြားသည်။
“တဖြည်းဖြည်း လျှော့လိုက်တာနဲ့ ကိုယ်စားလှယ်လောင်းတွေ များလာပြီး တစ်ဖက်ကလည်း ဆန္ဒမဲတွေ ပျံ့သွားနိုင်တယ်” ဟု ၎င်းကဆိုသည်။
၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲ ကော်မရှင်သို့ တင်သွင်းရသော မှတ်ပုံတင်ကြေးကို ကျပ်ငါးသိန်း သတ်မှတ်ထားရာမှ ကျပ်သုံးသိန်းသို့ လျှော့ချပေးရန် အောက်တိုဘာလ ဒုတိယပတ် အတွင်း ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် နိုင်ငံရေး ပါတီများက တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
အေးချမ်းမွန် Credit To > The Voice Weekly
Post a Comment