လက်ပံတောင်း တောင်ကြေးနီ စီမံကိန်းအတွင်း သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နစ်နာမှု ရှိမရှိ လေ့လာသည့် စစ်တမ်း (Environmental and Social Impact Assessment) ကို သြစတြေးလျ ကုမ္ပဏီက ဌာနသို့ ဒီဇင်ဘာလ ပထမပတ်အတွင်း တင်သွင်းမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးက ပြောကြားသည်။
အဆိုပါ သြစတြေးလျ Knight Piesold pty-ltd ကုမ္ပဏီက လေ့လာ ဆန်းစစ်ထားသည့် လက်ပံတောင်းတောင် ESIA အစီရင်ခံစာကို အဖွဲ့ဝင် ၃၉ ဦးပါ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာ သုံးသပ်ရေးအဖွဲ့က စိစစ် အကဲဖြတ်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နစ်နာမှု ရှိမရှိ လေ့လာသည့် စစ်တမ်း (ESIA) ကို ကုမ္ပဏီက တင်ပြပြီးချိန်မှ စ၍ ရက်ပေါင်း ၉၀ အတွင်း စိစစ်အတည်ပြုကာ အပြီးသတ် အစီရင်ခံစာကို ပြည်သူလူထုအား ပြန်လည် ချပြမည် ဖြစ်ကြောင်း ဦးနေအေးက ဆက်လက် ပြောကြားသည်။
“ရက်ပေါင်း ကိုးဆယ်အတွင်းမှာ လိုအပ်ချက်တွေ၊ အားနည်းချက်တွေ၊ လစ်ဟာမှုတွေ မရှိအောင် အပြန်ပြန် အလှန်လှန် သုံးသပ် ဆွေးနွေးသွားရမယ်” ဟု ၎င်းက ဆိုသည်။
ကြေးနီသတ္တုတွင်း စီမံကိန်း နယ်မြေနှင့် အနီးပတ်ဝန်းကျင် ဒေသမှ မြေအောက်ရေ နမူနာ ၁၀ ခု၊ မြစ်ချောင်းနှင့် ကန်ရေတို့၏ မျက်နှာပြင် ရေနမူနာ ငါးခုကို ဓာတ်ခွဲ စမ်းသပ်ခဲ့ရာ မြေအောက်ရေတွင် စီမံကိန်းနယ်မြေ ပြင်ပရှိ တွင်းများထက် လည်းကောင်း၊ မြစ်ရေ ချောင်းရေများထက် လည်းကောင်း အက်စစ်ဓာတ် ပိုမို များပြားနေသည့် အတွက် ပတ်ဝန်းကျင် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နေ သကဲ့သို့ ဒေသခံလူထု အတွက်လည်း ကျန်းမာရေး ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း မြန်မာ့ပတ်ဝန်းကျင် သိပ္ပံအဖွဲ့၏ သုတေသနပြု လေ့လာထားချက်များ အရ သိရှိရသည်။
“ထွက်လာတဲ့ အစီရင်ခံစာက မမျှတဘူး။ အားနည်းချက်တွေ ရှိတယ် ဆိုရင်တော့ အများပြည်သူ အတွက် ထောက်ပြ သတိပေး ဆွေးနွေးဖို့ တာဝန် ရှိပါတယ်” ဟု မြန်မာ့ ပတ်ဝန်းကျင် သိပ္ပံအဖွဲ့ ဒုတိယခေါင်းဆောင် ဦးစိုးသူရထွန်းက ပြောကြားသည်။
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှာ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မြန်မာ ဝမ်ပေါင်ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်သည့် ကြေးနီ တူးဖော် ထုတ်လုပ်ရေး စီမံကိန်း ဖြစ်ပြီး လယ်ယာမြေဧက ၇၈၀၀ ကျော် သိမ်းဆည်းခဲ့ရာ သိမ်းဆည်း ခံရသည့် ကျေးရွာပေါင်း ၂၆ ရွာမှ ရွာသူ၊ ရွာသားများက ၂၀၁၂ ခုနှစ် ဇွန်လ ၂ ရက် နေ့မှ စတင်ပြီး ဆန္ဒ ဖော်ထုတ်ခဲ့ရာ သပိတ် စခန်းများကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ ည ၂ နာရီအချိန်တွင် အင်အားသုံး ဖြိုခွဲမှုကြောင့် သံဃာအပါး တစ်ရာကျော်နှင့် လူနှစ်ဆယ်ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ယင်းနောက် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပါဝင်ထားသော စုံစမ်း စစ်ဆေးရေး ကော်မရှင်က ပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘဝ ထိခိုက်နစ်နာမှု များကို စုံစမ်းစစ်ဆေး လေ့လာခဲ့ပြီး အပြီးသတ် အစီရင်ခံစာကို ၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်နိုင်ခဲ့သည်။
အေးချမ်းမွန် Credit To >The Voice Weekly < Thankhttps://www.facebook.com/
Post a Comment