0

Sunday, November 24, 2013


ကလို့ထူးဘော DKBA အဖွဲ့ကနေ သူတို့ရဲ့အဓိပတိဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောလားပွယ်ကို ဂုဏ်သိက္ခာကျဆင်းအောင်ပြုလုပ်နေတယ် ဆိုတဲ့ ထိုင်းနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီးစစ်ဆေးမေးမြန်းနေပါတယ်။

ထိုင်းနိုင်ငံသားနှစ်ဦးဖြစ်တဲ့ နိုင်ချနကော်စီလီ(၇၃)နှစ်၊ နိုင်ကျလန်းစော်စင်(၆၄)နှစ်တို့ကို ပြီးခဲ့တဲ့သောကြာနေ့က DKBA ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြိုင်ကျေးရွာမှာ ထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။

အဖွဲ့ရဲ့ထိပ်တန်းတပ်မှူးကြီးတဦးပြောတာက ”သူတို့ကိုထိန်းသိမ်းထားတာက ကျနော်တို့ခေါင်းဆောင်ကို ဂုဏ်သိက္ခာကျဆင်းစေမဲ့ လုပ်ရပ်တွေကိုအကြိမ်ကြိမ် လုပ်နေအတွက် မေးမြန်းနေတာပါ။ ကျနော်တို့ခေါင်းဆောင်ရဲ့ နာမည်ကိုလည်း ထိုင်းနိုင်ငံအတွင်းမှာ အလွှဲသုံးစားလုပ်နေတဲ့ကိစ္စတွေကို သူတို့နဲ့ပတ် သက်သူတွေကို၊ဒီနေ့လာရောက်ဖြေရှင်းဘို့ ဆင့်ခေါ်ထားပါတယ်။ ဖြေရှင်းပြီးရင်တော့ သူတို့ကိုပြန်လွှတ်ပေးမှာဖြစ်ပါတယ်” ဆိုတဲ့အကြောင်း ဒီနေ့မွန်းပိုင်းမှာပြောပါတယ်။

စပြီးဖမ်းတဲ့နေ့က သုံးယောက်ဖြစ်ပြီး တယောက်ကိုတော့ ဒီကိစ္စမှာပါဝင်ပတ်နေတဲ့လူတွေကို အဆက်အသွယ် လုပ်ဘို့အတွက် တယောက်ကိုပြန်လွှတ်ပေးလိုက်တယ်လို့လည်းသိရပါတယ်။

ဖြစ်စဉ်အသေးစိတ်နဲ့ပတ်သက်ပြီး DKBA ဘက်က ထုတ်ဖေါ်ပြောဆိုခြင်းမရှိသေးပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး DKBA နဲ့ဖက်စပ်စီးပွားရေး လုပ်ကိုင်နေတဲ့ ထိုင်းလုပ်ငန်းရှင်တဦးပြောတာကတော့ ဒီအဖွဲ့က လူတွေဟာ မရိုးသားတဲ့လူတွေဖြစ်တယ်။ ထိုင်းဘက်ကလူတွေကို DKBA ခေါင်းဆောင်ဆီမှာ ထိုင်းဘတ်ငွေသန်း ၄၅၀၀ ရှိတယ် ဆိုပြီးလိုက်ပြောတယ်၊ အခုလည်းစောလားပွယ်ကိုလည်း ယုံကြည်လောက်တဲ့ မက်လုံးတွေ သုံးပြီး ထိုင်းဘတ်ငွေသန်း ၁၀၀ သွားတောင်ရာကနေ အဖမ်းခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

အဖမ်းခံထားရတဲ့ ထိုင်းနှစ်ယောက်နဲ့ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေဘက်ကတော့ တရားဝင် ဆက်သွယ်လာတာ မရှိသေးဘူးလို့ သိရပါတယ်။

ထိုင်းဒေသခံတဦးပြောတာကတော့ ကိုယ့်နဲ့ အပြန်အလှန် ရေရှည်ဆက်ဆံရမဲ့လူတွေကို အဲဒီလို တချီကောင်း သွားလုပ်တော့ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်နေကြတဲ့လူတွေပါ ဂယက်ရိုက်ခတ်မှုတွေဖြစ်စေတယ်လို့ ဆိုပါတယ်။

ထိုင်းဖက်ခြမ်းကဒေသခံတွေဟာ ကလို့ထူးဘော DKBA အဖွဲ့ အခြေစိုက်ရာ နယ်စပ်တလျှောက်မှာ စိုက်ပျိုးရေး လုပ်ငန်းတွေကို စိုက်ဧကထောင်နဲ့ချီပြီး သွားရောက်လုပ်ကိုင်ကြတာဖြစ်ပြီး ထွက်ရှိလာတဲ့ကောက်ပဲသီးနှံတွေကို ထိုင်းဘက်ပြန်တင်သွင်းကြတာပါ။

စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး DKBA ကို သတ်မှတ်အခွန်ငွေပေးဆောင်ကြရပါတယ်။
အခုသတင်းရေးနေတဲ့အချိန်ထိတော့ အဖမ်းခံထားရတဲ့ထိုင်းတွေ လွှတ်မြောက်လာခြင်း မရှိသေးပါဘူး။

ဒီလိုပြဿနာမျိုးဖြစ်ရင် နှစ်နိုင်ငံအာဏာပိုင်တွေဟာ မဲဆောက်-မြ၀တီ မြို့နယ်အဆင့်နယ်ခြားကော်မတီ (TBC) ကနေတဆင့် အကြောင်းကြားဖြေရှင်းလေ့ရှိပေမဲ့၊ အခုဖြစ်နေတဲ့ပြဿနာကတော့ (TBC) အဆင့်ကို မရောက်ရှိသေးဘူးလို့ သိရပါတယ်။

ဧရာဝတီ Facebook / ဧရာဝတီ Twitter

DKBA အဓိပတိ ဗိုလ်ချုပ်ကြီးစောလားပွယ် (ဓာတ်ပုံ-မန်းမျိုးမြင့်)

အေးချမ်းမွန် Credit To >ဧရာဝတီ

Post a Comment

 
Top