သိပ္ပံနှင့် နည်းပညာဝန်ကြီးသို့ အိတ်ဖွင့်ပေးစာ
ဝန်ကြီးခင်ဗျား ...
ကျွန်တော်က ၂၀၀၈ ခုနှစ်ကစပြီး သန်လျင် နည်းပညာ တက္ကသိုလ်မှာ မြို့ပြ အင်ဂျင်နီယာ အထူးပြု ဘာသာရပ်နဲ့ ပညာသင်ကြားခဲ့ရသူ ဖြစ်ပါတယ်။၂၀၀၈ ခုနှစ် ပထမနှစ် တစ်နှစ်တည်းမှာပဲ မြို့ပြ အင်ဂျင်နီယာ အထူးပြုကျောင်းသား၊ ကျောင်းသူပေါင်း တစ်ထောင်ကျော် ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၂ ခုနှစ် အောင်စာရင်းမှာ BE ဝင်ခွင့်ကို လူနှစ်ရာကျော်ပဲ ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ ပညာသင်ခဲ့တဲ့ ကာလတစ်လျှောက်မှာ လက်ရှိဝန်ကြီး အပါအဝင် ဝန်ကြီးသုံးယောက် ပြောင်းခဲ့ပါတယ်။
ကျွန်တော် ပထမနှစ် ကျောင်းသား ဘဝတုန်းက အခက်အခဲ တချို့ကို တင်ပြလိုပါတယ်။ အခန်းတွင်း ထိုင်ခုံ လုံလောက်မှု မရှိခြင်း၊ ဆရာ၊ ဆရာမတွေရဲ့ စာရှင်းပြတဲ့ အသံဟာ ကျောင်းသားတွေ များပြား လွန်းလို့ တစ်ခန်းလုံး ကြားအောင် မလွှမ်းမိုးနိုင်ပါဘူး။ နောက်ပြီး နိုင်ငံတကာမှာလို စာသင်ချိန်မှာ ဘာသာရပ် ဆိုင်ရာ ဆွေးနွေးခွင့် သိပ်မရခဲ့ပါဘူး။ အဆိုးဆုံးကတော့ လူနှစ်ရာမှာ ဖတ်စာအုပ် ကိုင်နိုင်တာ လူ ၂၀ လောက်ပဲ ရှိပါတယ်။ ကျောင်းသားတွေ မွဲနေလို့ စာအုပ်မဝယ်တာ မဟုတ်ပါဘူး။ စာအုပ်ကို ကျောင်းတွေမှာ အလုံအလောက် မချထားပေးလို့ပါ။ ဒီနေ့ထိ ဖတ်စာအုပ် မလုံလောက်တဲ့ ပြဿနာဟာ နည်းပညာ တက္ကသိုလ်တွေမှာ ရင်ဆိုင်နေရဆဲပါ။ ဆရာ၊ ဆရာမတွေဘက်က ကြည့်ပြန်ရင်လည်း အရမ်းကို ပင်ပန်းလှပါတယ်။ ပထမနှစ်တုန်းက မြေတိုင်း ဘာသာရပ်ကို သင်တဲ့ ဆရာမဆို ကျောင်းသားပေါင်း တစ်ထောင်ကျော် (စာသင်ခန်းငါးခန်း) ကို သူတစ်ယောက်တည်းပဲ မရပ်မနား သင်ပေးခဲ့ရတာပါ။ အခြား ဆရာ၊ ဆရာမတွေကလည်း တစ်ခန်းလုံး ကြားအောင် သင်ပေးနေရတာကြောင့် အသံတွေဝင်တဲ့အထိ ဒုက္ခရောက်ကြပါတယ်။ ကိုယ်ချင်းလည်း စာမိပါတယ်။ နောက်ပိုင်း ပါချုပ်ရဲ့စီမံမှုနဲ့ စပီကာများ၊ ထိုင်ခုံများ လုံလောက် လာပေမယ့် ဖတ်စာအုပ် မလုံလောက်တဲ့ ပြဿနာကတော့ မပြေလည်ခဲ့ပါဘူး။ အရင်ကပညာကို အပတ်တကုတ် သင်ယူမယ်လို့ စိတ်ပိုင်းဖြတ်ခဲ့တဲ့ ကျောင်းသား အများစုကလည်း စာသင်ခန်းတွေကို ကျောခိုင်း သွားခဲ့ကြပါတယ်။ Roll Call ခေါ်ခါနီးမှသာ အတန်းလာတက် ကြပါတော့တယ်။
သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာ တက္ကသိုလ်များနဲ့ ကောလိပ်များမှာ ဆရာအင်အား၊ ကျောင်းသုံး ပရိဘောဂ၊ ဖတ်စာအုပ်တွေ လုံလောက်မှု မရှိတာကို မနှစ်က ကျွန်တော် ကျောင်းမှ ထွက်လာခဲ့သည်အထိ မျက်ဝါးထင်ထင် တွေ့ မြင်ခဲ့ရပါတယ်။ လက်တွေ့နှင့် သင်ထောက်ကူ ပစ္စည်းများဆို ပိုလို့တောင် မပြည့်စုံပါ။ နှစ်ဆုံးတော့ ဖတ်စာအုပ်တွေ မထုတ်ပေးနိုင်တော့သဖြင့် အတန်းပိုင်ဆီမှ စာအုပ်ဖိုးငွေတွေ ပြန်တောင်းခဲ့ရပါတယ်။ နှစ်သာ ကုန်သွားတယ် ဖတ်စာအုပ် မရတာ ဖြစ်သင့်ပါသလား။ ဘာစာကို ဘယ်လို ကျက်လို့ ဘာကို သွားဖြေရမှာလဲ။ ဆရာ ရှင်းပြတာကို ဘယ်စာအုပ်ထဲမှာ လိုက်မှတ်ရမှာလဲ။ ထားပါတော့။ ကျွန်တော်တို့တွေ မိတ္တူအားကိုးနဲ့ အဲဒီပြဿနာကို ဖြေရှင်းခဲ့ပါတယ်။
၂၀၁၂ ခုနှစ် B Tech ကျောင်းသား အများစုဟာ First Semeter Grade တွေ မထွက်ခင် ကတည်းက စာကို သေချာ ကြိုးစား သင်ယူခဲ့ကြပါတယ်။ ကျွန်တော့်လို ဘာမှနားမလည်လို့ အလွတ်ကျက်ဖြေတဲ့ သူတောင် အတန်းမှန်မှန် တက်ပြီး စာကိုသေချာ ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ အဲဒီနှစ်က မေးသွားတဲ့ မေးခွန်းတွေကလည်း တချို့ဆို ဆရာတွေတောင် မမြင်ဖူး၊ မသင်ဖူးတဲ့ မေးခွန်းတွေ ဖြစ်နေပါတယ်။ အခုထိ အဲဒီမေးခွန်းတွေကို စိတ်နာလွန်းလို့ သိမ်းထားဆဲပါ။ ဝန်ကြီး လေ့လာချင်ရင် Scan ဖတ်ပြီး ပို့ပေးပါ့မယ်။ ပညာရေးစနစ် ပြောင်းပြီး BE ကို လွယ်လွယ် မပေးတော့ဘူးဆိုတဲ့ စနစ်ကြောင့် အောင်စာရင်းမှာ ကျွန်တော် အပါအဝင် ကျောင်းသူ ကျောင်းသား တော်တော်များများဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ BE မပါခဲ့ကြပါဘူး။ အဲဒီ အောင်စာရင်း ထွက်တဲ့နေ့ဟာ ကျောင်းသား မိဘ အများစုနဲ့ နိုင်ငံ့ အနာဂတ်တွေရဲ့ စိတ်ဓာတ်ကို အညွန့်ချိုး ခံလိုက်ရတဲ့ နေ့လို့တောင် တင်စားပြီး ပြောလို့ရပါတယ်။
၂၀၁၀ ပြည့်နှစ်မှာ BE မဝင်ခဲ့ရလို့ ကျွန်တော် ဝမ်းမနည်းခဲ့ပါဘူး။ မြန်မာ့ ပညာရေး အပြောင်းအလဲ အတွက် ပေးဆပ်ခဲ့ရတယ်လို့ သဘောထားပြီး ဂုဏ်တောင်ယူခဲ့ ပါသေးတယ်။ ဒါပေမဲ့ ၁၀.၁၁.၂၀၁၃ အောင်စာရင်းမှာ အရင်ပုံစံအတိုင်း မေးခွန်းတွေကို Sample Question ထဲက အများစု မေးပြီး အောင်စာရင်းမှာလည်း ဘန်းစကားအရ ဆွမ်းကြီးလောင်းသလို BE ပါသူတွေ အရမ်းကို များပြားခဲ့ပါတယ်။
၂၀၁၂ ခုနှစ် တစ်နှစ်တည်းကိုပဲ တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့တာဟာ နိုင်ငံ့ အနာဂတ်တွေရဲ့ ဘဝတချို့ကို ရိုက်ချိုးပစ်လိုက် သလိုပါပဲ။ ၂၀၁၃ ခုနှစ်မှာ မကင်းရာ မကင်းကြောင်းတွေများ ပါလို့ လျှောလျှောလျှူလျှူ BE ဝင်ခွင့်တွေများ ပေးလိုက်သလားဆိုပြီး မတွေးကောင်းတဲ့ အတွေးမျိုး တွေလည်း တွေးမိပါတယ်။
၂၀၁၂ ခုနှစ်မှာ ပညာရေး ပြောင်းလဲမှုတွေ လုပ်ပြီး မဟန်မှန်းသိလို့ ၂၀၁၃ ခုနှစ်မှာ ပညာရေးစနစ်ကို အရင်အတိုင်း ပြန်သွားမယ်ဆိုရင် ၂၀၁၂ ခုနှစ်တုန်းက နစ်နာသွားခဲ့ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ဘဝကို သားသမီးချင်း ကိုယ်ချင်းစာပြီး အခွင့်အရေး ပြန်ပေးသင့်ပါတယ်။ အခွင့် အရေးဆိုတာ အဝေးသင်တက္ကသိုလ် သွားတက်ခွင့်ကို ပြောတာ မဟုတ်ပါဘူး။ BE ဝင်ခွင့် စာမေးပွဲကို ပြန်ကျင်းပပေးစေချင်တာပါ။
ဝင်ခွင့် စာမေးပွဲကိုလည်း နစ်နာခဲ့ရတဲ့ ကျောင်းသားတွေက အယုံအကြည် ကင်းမဲ့လာပါပြီ။ အယုံအကြည် ကင်းမဲ့ရတဲ့ အကြောင်းရင်းတွေက နီးကပ်မှ ဝင်ခွင့် စာမေးပွဲ ရှိကြောင်း သိရခြင်း၊ ဝင်ခွင့်စာမေးပွဲ ကျင်းပရုံသာရှိပြီး အမှန်တကယ် ခေါ်ယူလိုခြင်း မရှိခြင်းတို့ ဖြစ်ပါတယ်။ တချို့ နည်းပညာ တက္ကသိုလ်တွေမှာဆို ဝင်ခွင့်အောင်မြင်သူ တစ်ယောက်မှ မရှိပါဆိုတဲ့ Result မျိုးတွေ ထွက်ပေါ်လာပါတယ်။
ဝင်ခွင့် စာမေးပွဲတွေ ပြန်လည် ကျင်းပရာမှာ ကျောင်းသူ၊ ကျောင်းသားတွေ စာပြန်လေ့လာလို့ ရအောင် အချိန်ကို ကြိုတင်ပြီး ကြေညာ ပေးသင့်ပါတယ်။ နီးကပ်မှ ကြေညာတာမျိုး မဖြစ်သင့်ပါ။ စေတနာပါတဲ့ ဝင်ခွင့် စာမေးပွဲကိုသာ လိုလားပါတယ်။ အပေါ်ယံနှမ်းဖြူး တာဝန်ကျေရုံ ဝင်ခွင့် စာမေးပွဲကို မလိုလားပါ။
အခုပညာရေး စမ်းသပ်မှုကြီးကို ရပ်သင့်ပါပြီ။ အလွယ်စနစ်နဲ့ အသားကျနေတဲ့ ကျောင်းသားများကို ကျောင်းပြီးခါနီး (BE) ရခါနီးမှ စနစ်သစ်နဲ့ စမ်းသပ်မယ်ဆိုရင် ကျောင်းသားတွေရဲ့ ဘဝတွေလည်းဆုံး၊ တိုင်းပြည် အတွက်လည်း အကျိုးမရှိပါဘူး။ ပထမနှစ် ကတည်းက အဆင်မပြေတဲ့ ပညာရေးကို နောက်ဆုံးနှစ် မရောက်ခင်မှာ ရုတ်တရတ် ပြောင်းလဲလိုက်ရင် ပိုလို့တောင် အဆင်မပြေပါဘူး။
ဥပမာပေးရရင် ABCD လောက်ပဲ ရေးတတ်တဲ့ ကလေးကို Essay သွားရေးခိုင်းသလို ဖြစ်နေပါတယ်။ စာမေးပွဲမှာတော့ အင်္ဂလိပ်လို ဝါကျ တစ်ကြောင်းလောက် ဖြောင့်အောင် ရေးတတ်တဲ့ ကလေးက ပိုသာသွားတာက လွဲလို့ ဘာမှ မထူးခြားသွားပါဘူး။ အမှန်တကယ် မြှင့်တင်ဖို့ လိုအပ်နေတဲ့ ပညာရေးက စာတွေ့ပိုင်း မဟုတ်ပါဘူး။ လက်တွေ့ပိုင်းကို မြှင့်တင်ရမှာပါ။ ဒါကိုတော့ အကျယ်ချဲ့ပြီး မတင်ပြတော့ပါဘူး။ ယခုခေတ် အင်ဂျင်နီယာ ကျောင်းဆင်းတွေကို လက်သမား၊ ပန်းရန် ဆရာတွေတောင် အထင်သေးနေတာ မြင်သာလွန်းတဲ့ ကိစ္စပါ။
ပညာရေး စနစ်သစ်ဟာ သစ်လွင်ပြီး တက်ကြွနေတဲ့ ပထမနှစ် ကျောင်းသားတွေနဲ့ပဲ သင့်လျော်ပါတယ်။ ဒါပေမဲ့ နောက်မျိုးဆက်သစ် ကျောင်းသားလေးတွေကိုလည်း ဝန်ကြီး တစ်ခါပြောင်းတိုင်း စနစ်သစ်နဲ့ တစ်ခါ စမ်းသပ်လိုက်၊ နောက်တစ်နှစ်မှာ နောက်တစ်မျိုး စမ်းသပ်လိုက် မလုပ်ကြပါနဲ့တော့လို့ တောင်းဆို လိုပါတယ်။ ကျွန်တော်တို့ အပါအဝင် ခေတ်အဆက်ဆက် နောင်တော်ကြီးများရဲ့ မျက်ရည်တွေ၊ မိဘတွေရဲ့ မျှော်လင့်ချက်တွေ ရိုက်ချိုးခံရပြီး စမ်းသပ်ခံခဲ့ရတဲ့ ပညာရေးစနစ်တွေကို ကျွန်တော်တို့ လက်ထက်မှာပဲ အဆုံးသတ်လိုက် ပါတော့။
နောက်မျိုးဆက်သစ်တွေရဲ့ အိပ်မက်တွေကို မထိခိုက် စေချင်တော့ပါဘူး။
ကျွန်တော်တို့ဟာ လူတွေပါ။ ဓာတ်ခွဲခန်းထဲက စမ်းသပ်ခံ ကြွက်တွေ မဟုတ်ပါဘူး။ အခုချိန်မှာ အရင်ဝန်ကြီး လက်ချက်၊ အခုဝန်ကြီး လက်ချက်ဆိုပြီး လက်ညှိုးထိုးရမယ့် အချိန်မဟုတ်ပါဘူး။ နစ်နာခဲ့ရတဲ့ ကျောင်းသားတွေရဲ့ ဘဝကို စာနာသုံးသပ်ပြီး အခွင့်အရေး တစ်ကြိမ်လောက်တော့ ပေးသင့်ပါတယ်။ တိုးတက် ဖွံ့ဖြိုးတဲ့ နိုင်ငံတော်သစ်ကို အင်ဂျင်နီယာ စွမ်းအားနဲ့ တစ်ဖက်တစ်လမ်းက အကျိုးပြုဖို့ ကျွန်တော်တို့တွေ အားလုံး ဝန်ကြီးရဲ့ ဆုံးဖြတ်ချက်ကို မျှော်လင့်ချက်ကြီးစွာ စောင့်မျှော်နေပါတယ်။ ကရုဏာတရား ကြီးမားပြီး မှန်ကန်စွာ ဆုံးဖြတ်မယ့် ဝန်ကြီးရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံအဝန်းမှာ ရှိတဲ့ နစ်နာခဲ့ရတဲ့ ကျောင်းသား၊ ကျောင်းသူ များစွာက မျှော်လင့်ချက် ကြီးမားစွာ စောင့်မျှော်နေကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်။
ရိုသေလေးစားစွာဖြင့်
တင်ကိုကို
(ဓာတ်ခွဲခန်းထဲမှ အစမ်းသပ်ခံ ကြွက်စုတ်တစ်ကောင်)
[ ဤကဏ္ဍပါ ရေးသားချက်များသည် စာရေးသူ၏ အာဘော်သာဖြစ်ပြီး The Voice ၏ အာဘော် မဟုတ်ပါ။ ]
အေးချမ်းမွန် Credit To >The Voice Weekly
Post a Comment