0


ရန်ကုန်မြို့တော်တွင် နေထိုင်သည့် လူဦးရေ ခြောက်သန်းနီးပါးကို ရေလုံလောက်စွာ ပေးဝေနိုင်ခြင်း မရှိသေးသောကြောင့် နေအိမ်များကို ရေဆက်သွယ်မှု အသစ်များ ချထားပေးခြင်းအား ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် မှစတင်၍ နှစ်နှစ်ကြာ ဆိုင်းငံ့ထားမှုကို ပြန်လည်ခွင့်ပြုရန် စီစဉ်လျက် ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ယခုအခါ ငမိုးရိပ် ရေပေးဝေရေး စီမံကိန်း (ဒုတိယအဆင့်) ပြီးစီး နေပြီဖြစ်၍ ယင်းစီမံကိန်းမှ တစ်နေ့ရေဂါလန် ၄၅ သန်း ရရှိမည် ဖြစ်သောကြောင့် ရေဆက်သွယ်မှု အသစ်များအား ပြန်လည် ချထားပေးရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။

ရေဆက်သွယ်မှု အသစ်များ ပြန်လည် ချထားပေးရာတွင် သင်္ဃန်းကျွန်းနှင့် တောင်ဥက္ကလာပ မြို့နယ်တို့တွင် ဦးစွာပြန်လည် ခွင့်ပြုရန် စီစဉ်နေပြီး ယင်းမြို့နယ်များသို့ ငမိုးရိပ် ရေပေးဝေရေး စီမံကိန်း (ဒုတိယအဆင့်)မှ ရေပေးဝေနိုင်ရန် အတွက် ရေပိုက်လိုင်းများ သွယ်တန်းနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနမှ သိရသည်။

''အခုကတော့ စီစဉ်နေတုန်းပါပဲ။ ပြန်ပေးရင်တော့ တရားဝင် ကြေညာပေးသွားမှာပါ'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့်သန့်ရှင်းမှုဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရေဆက်သွယ်မှု အသစ်များ မဆိုင်းငံ့မီကာလက ရေဆက်သွယ်မှုအသစ် လျှောက်ထားပါက စည်ပင်မှ ကွင်းဆင်းစစ်ဆေးမှုများ အပါအ၀င် လျှောက်ထားသည့် အချိန်မှ ခန့်မှန်းခြေ အချိန်တစ်လခန့် ကြာမြင့်နိုင်ကြောင်းနှင့် ရေဆက်သွယ်ခ အနေဖြင့် မြို့နယ်အလိုက် သတ်မှတ်ထားသည်ဟု သိရသည်။

ရန်ကုန်မြို့တော်တွင် လက်ရှိတစ်နေ့ ရေဂါလန် သန်း ၁၆၀ ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပေးဝေနေခြင်းဖြစ်ပြီး မြို့နေလူထု၏ ၇၀ ရာခိုင်နှုန်း ခန့်ကိုသာ ရေပေးဝေနိုင်သေးပြီး ငမိုးရိပ် ရေပေးဝေရေး စီမံကိန်း (ဒုတိယအဆင့်)မှ တစ်နေ့ရေဂါလန် ၄၅ သန်း ရရှိမည်ဖြစ်၍ တစ်နေ့ရေဂါလန် ၂၀၅ သန်း ပေးဝေနိုင်မည် ဖြစ်ကြောင်း သိရသည်။

သို့သော် ရေလုံလောက်မှု မရှိသေး၍ ရေပေးဝေရေး စီမံကိန်းအသစ်များ ဆက်လက် အကောင်အထည် ဖော်သွားမည် ဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်မြို့တော်အား ရေဖူလုံစွာပေးနိုင်ရန် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၂၃၈ သန်းကျော်အား အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ချေးယူဆောင်ရွက်မည် ဖြစ်ကြောင်း နိုဝင်ဘာ ၄ ရက်တွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၏ ပြောကြားချက်အရ သိရသည်။

(ငမိုးရိပ် ရေပေးဝေရေး စီမံကိန်း ဒုတိယအဆင့်မှ ရေပေးဝေနိုင်ရေးအတွက် ပိုက်လိုင်းများ သွယ်တန်းနေမှုကို ၂၀၁၂ ခုနှစ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်))

အေးချမ်းမွန် Credit To >Eleven Media Grouphttps://www.facebook.com/excellencemedia
6

Post a Comment

 
Top