0


Created on Wednesday, 27 November 2013 00:24

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သြစတြေးလျနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်အတွင်း သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ်Tony Abbott၊ နိုင်ငံခြားရေးဝန်ကြီး Julie Bishop တို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး သြစတြေးလျရောက် မြန်မာများနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် Sydney Opera House တွင်ပြုလုပ်မည့် တက္ကသိုလ်သုံးခု ပူးပေါင်းပြုလုပ်မည့် ဘွဲ့အပ်နှင်းပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကာ Australian National University နှင့် Monash University တို့တွင် ပညာရေးဆိုင်ရာ ကိစ္စရပ်များကို လေ့လာ ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် (၂၅)ကြိမ်မြောက် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အခမ်းအနားကိုလည်း တက်ရောက်ရန် စီစဉ်ထားပြီး မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၂ ရက်တွင် ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

သြစတြေးလျခရီးစဉ်သို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေ၊ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်၊ ဆက်သွယ်ရေး တာဝန်ခံ ဦးမိုးဇော်ဦးတို့ လိုက်ပါသွားကြောင်း သိရသည်။

သြစတြေးလျသို့ သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်သော ဦးဥာဏ်ဝင်း၊ ဦးဝင်းထိန်၊ ဒေါ်မေ၀င်းမြင့်နှင့် အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ ထောက်ခံသူများက လိုက်လံ ပို့ဆောင်ခဲ့ကြသည်။

"ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ဖြစ်သလို ကမ္ဘာ့ခေါင်းဆောင် တစ်ယောက်ပါ။ နောက်သူ့ရဲ့ သြဇာပါဝါဟာလည်း ကြီးမားတယ်။ အမေစု ဒီလိုနိုင်ငံတကာကိုသွားလို့ ကျွန်တော်တို့နိုင်ငံကို အကူအညီ အထောက်အပံ့တွေရတယ်လို့ ယုံကြည်တယ်လေ။ သူသွားတဲ့ နိုင်ငံတိုင်းက နိုင်ငံရဲ့ အကြီးအကဲတစ်ဦးလို လက်ခံကြိုဆိုတယ်။ အထူးလုံခြုံရေးပေးတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ အဲဒီလိုမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ ပြည်သူတစ်ဦးတစ်ယောက်အနေနဲ့ အမေစုကို ၀န်းရံတဲ့သဘောမျိုးနဲ့ သူ့ခရီးစဉ်ကို လိုက်ပို့တာပါ"ဟု မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လိုက်ပါပို့ဆောင်သူ တာမွေမြို့နယ်မှ လူငယ်တစ်ဦးက ပြောကြားသည်။

သြစတြေးလျသို့ သွားရောက်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်


အေးချမ်းမွန် Credit To >Eleven Media Group
3

Post a Comment

 
Top