0


မန္တလေး၊ နိုဝင်ဘာ ၁၅

မန္တလေးမြို့ပေါ် အိမ်၊ ခြံ၊ မြေဈေးစံနှုန်းများ နိုဝင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်ရာ အများဆုံး ဈေးနှုန်းမှာ တစ်ဧကလျှင် ကျပ်သိန်းပေါင်း တစ်သိန်းနှစ်သောင်းနှုန်း သတ်မှတ်ထားကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန မန္တလေးတိုင်း ဒေသကြီး တိုင်းဦးစီးမှူးက The Voice သို့ ပြောကြားသည်။

အဆိုပါ ဈေးနှုန်းများသည် အရောင်းအဝယ် ဖြစ်သည့် မန္တလေးမြို့လယ်ကောင် အဓိက နေရာများနှင့် စီးပွားရေးအရ အချက်အချာကျသည့် နေရာများတွင် သတ်မှတ်ထားခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မန္တလေး စက်မှုဇုန်တွင် တစ်ဧကလျှင် ကျပ်သိန်းပေါင်း ခုနစ်သောင်းကျော် သတ်မှတ်ထားပြီး မြို့နယ်အလိုက် အစွန်အဖျား ရပ်ကွက်များတွင် အိမ်၊ ခြံ၊ မြေဈေးစံနှုန်း သတ်မှတ်မှု လျော့နည်းမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနထံမှ ထပ်မံ သိရသည်။

မန္တလေးတိုင်း ဒေသကြီး မြို့နယ်များတွင် အိမ်၊ ခြံ၊ မြေ ဈေးသတ်မှတ်မှုမှာ အချို့နေရာများတွင် ပေါက်ဈေးဖြင့် တန်းတူရှိပြီး အချို့နေရာများမှာ အရောင်းအဝယ် ဖြစ်သည့် ဈေးထက် များနေကြောင်း မန္တလေးမြို့တော်ရှိ ဝါရင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် တစ်ဦးက သုံးသပ် ပြောကြားသည်။ ပေါက်ဈေးနှင့် တန်းတူ အခွန်ဆောင်ရန် သတ်မှတ်ခြင်းသည် အခွန်ဆောင်သူများ အတွက် အခက်အခဲတွေ့ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

“မန္တလေး အိမ်၊ ခြံ၊ မြေ ဈေးနှုန်း သတ်မှတ်တာ ရန်ကုန်က သတ်မှတ်ဈေးထက် များနေတယ်။ ရန်ကုန်မြို့လယ်ဧရိယာ ဈေး အဲဒီလောက် မသတ်မှတ်ဘူး၊ မန္တလေးမြို့သစ်ဘက် ၆၄ လမ်းပေါ် ဆိုရင် ပေါက်ဈေးက သိန်း ၄၅၀၀ လောက် ပေါက်နေတာကို ရာဖြတ်အဖွဲ့က သိန်းငါးထောင် သတ်မှတ် ထားတယ်။ အဲဒီတော့ အခွန်ဆောင်တာ ဘယ်လို ဆောင်တော့မလဲ” ဟု မန္တလေး မြို့တော်ရှိ ဝါရင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် တစ်ဦးက ထပ်မံ ပြောဆိုသည်။

စက်မှုဇုန်ဧရိယာ နေရာ အကောင်းဆုံး ဖြစ်သည့် ရန်ကုန်-မန္တလေး လမ်းမကြီးပေါ်တွင် တစ်ဧကလျှင် ကျပ်သိန်းပေါင်း ငါးသောင်းဖြင့် အရောင်းအဝယ် ပြုလုပ်မည့် အနေအထားတွင် ကျပ်သိန်းပေါင်း ခုနစ် သောင်းကျော် သတ်မှတ်ခြင်းမှာ များနေကြောင်း မန္တလေး မြို့တော်ရှိ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးက သုံးသပ် ပြောကြားသည်။

မန္တလေးမြို့တော် ဓလေ့အရ ဧကဖြင့် တိုင်းတာလေ့ ရှိသဖြင့် စံနှုန်းများကို ဧကကွက်ဖြင့် သတ်မှတ်ထားသော်လည်း အရောင်းအဝယ် ဖြစ်သည့် ပေအကျယ်ပေါ် မူတည်ကာ အဆိုပါ စံနှုန်းဖြင့် တွက်ချက်ကာ အခွန် ပေးဆောင်ရမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန တိုင်းဦးစီး ဌာနမှူးက ထပ်လောင်း ပြောကြားသည်။

အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများကို သက်ဆိုင်ရာ မြို့နယ်များအလိုက် အရောင်းအဝယ် ဖြစ်သည့် ပမာဏကို ကွင်းဆင်း လေ့လာပြီး မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ညှိနှိုင်းကာ တိုင်းဒေသကြီး အစိုးရအဖွဲ့က အတည်ပြု သတ်မှတ်ထားသော ဈေးနှုန်းများ ဖြစ်ကြောင်း ၎င်းက ဆိုသည်။ မန္တလေးမြို့ပေါ်တွင် အိမ်၊ ခြံ၊ မြေ ဈေးစံနှုန်းများ သတ်မှတ်ထားပြီး ဖြစ်ရာ နိုဝင်ဘာ ၁၅ ရက်နေ့မှ စတင်ကာ အဆိုပါ ဈေးနှုန်းများဖြင့် တန်ဖိုးဖြတ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“အရင်က ဝယ်ထားလည်း တရားဝင် မှတ်ပုံတင် လာရောက် ဆောင်ရွက်တဲ့အခါ ဒီနှုန်းတွေနဲ့ပဲ အခွန်ဆောင်ဖို့ တန်ဖိုးဖြတ်အဖွဲ့က သတ်မှတ်မယ်” ဟု ပြည်တွင်း အခွန်များဦးစီးဌာန တိုင်းဦးစီးမှူးက ဆိုသည်။

စံသတ်မှတ် ဈေးနှုန်းအရ အခွန်ဆောင်ရာတွင် တံဆိပ်ခေါင်းခွန် ၇ ရာခိုင်နှုန်းနှင့် အခွန်ဆောင်ပြီး ငွေဖြင့် ဝယ်ယူခြင်း မဟုတ်ပါက ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်ကြောင်း၊ အဆိုပါ အိမ်၊ ခြံ၊ မြေစံနှုန်းများနှင့် ပတ်သက်၍ သိလိုပါက မန္တလေးတိုင်း ဒေသကြီး အခွန် ဦးစီးဌာနသို့ လာရောက် မေးမြန်းနိုင်ကြောင်း ၎င်းက ပြောကြားသည်။

အေးချမ်းမွန် Credit To >The Voice Weeklyhttps://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top