Created on Saturday, 30 November 2013 03:03
၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူရာတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် ခမွီး၊ ခမီး(ရခိုင်)အမည်များအစား 'မြို' အမည်ဖြင့်သာ ထည့်သွင်းကောက်ယူသွားရန် မြိုလူမျိုးတို့၏ သဘောထားကို ၂၀၁၄ ဇန်န၀ါရီတွင် သမ္မတ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စု လွှတ်တော်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတို့ထံ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၂၈ ရက်က မြန်မာဂျာနယ်လစ်ရုံးခန်းတွင် ပြုလုပ်သည့် မြိုခမီစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် မြိုတိုင်းရင်းသားတို့က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
သန်းခေါင်စာရင်း ကောက်တဲ့အခါ မြိုလူမျိုးဆိုတဲ့ နာမည်နဲ့ ထည့်သွင်းကောက်ယူဖို့ ကျွန်တော်တို့ရခိုင်မှာ သဘောထား စစ်တမ်းတွေ စလုပ်နေပါပြီ။ လာမယ့် ဇန်န၀ါရီလောက်မှာ သမ္မတ အပါအ၀င် လွှတ်တော်၊ ဦးခင်ရီတို့ဆီကို တင်သွားမယ် . . .
မြိုတိုင်းရင်းသားတစ်ဦးဖြစ်သူ ဦးကျော်ကြီးက "သန်းခေါင်စာရင်း ကောက်တဲ့အခါ မြိုလူမျိုးဆိုတဲ့ နာမည်နဲ့ ထည့်သွင်းကောက်ယူဖို့ ကျွန်တော်တို့ရခိုင်မှာ သဘောထား စစ်တမ်းတွေ စလုပ်နေပါပြီ။ လာမယ့် ဇန်န၀ါရီလောက်မှာ သမ္မတ အပါအ၀င် လွှတ်တော်၊ ဦးခင်ရီတို့ဆီကို တင်သွားမယ်" ဟု ယင်းသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
ထို့ပြင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြည်သူများကို အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားကတ်များကို 'မိုးပွင့် စီမံချက်' အရ သတ်မှတ် ဆောင်ရွက်နေရာ ရခိုင်ပြည်နယ်တွင် မြိုတိုင်းရင်းသား လူမျိုးများသည် ယင်းသို့ပြုလုပ်ရာတွင် အမည်စာရင်း လွဲမှားစွာ ထည့်သွင်းခံနေရသည့် စိတ်ပျက်စရာများ ကြုံတွေ့နေရကြောင်း မြိုခမီစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ နာယက ဦးထင်အောင်က ပြောကြားသည်။
ယင်းသို့ မြိုဟူသောအမည်ဖြင့် တစ်သမတ်တည်း ထည့်သွင်းကောက်ယူမှသာ မြိုတိုင်းရင်းသားတို့အတွက် ရခိုင်ပြည်နယ်တွင် တိုင်းရင်းသားရေးရာဝန်ကြီး ရရှိရေး ကြိုးပမ်းနိုင်မည် ဖြစ်ပြီး မြိုလူမျိုးစုတို့၏ အခက်အခဲများကို တင်ပြဆွေးနွေးနိုင်မည် ဖြစ်ကြောင်း ယင်းသတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် မြိုတိုင်းရင်းသားများက ပြောကြားသည်။
"ရခိုင်ပြည်နယ်မှာ မြိုတိုင်းရင်းသားတွေအတွက် တိုင်းရင်းသားရေးရာ ၀န်ကြီးမရှိတဲ့အတွက် ကျွန်တော်တို့ တိုင်းရင်းသားတွေ အလုပ်လုပ်တဲ့အခါ အခက်အခဲတွေရှိတယ်" ဟု မြိုတိုင်းရင်းသား ဦးကျော်ကြီးက ဆက်လက် ပြောကြားသည်။
အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/
Post a Comment