0


Created on Saturday, 30 November 2013 00:23

ရန်ကုန်-မန္တလေး-နေပြည်တော် အမြန်လမ်းမကြီး တစ်လျှောက်ရှိ ရဲစခန်း ၁၅ ခုတွင် ဆက်သွယ်ရေးကဏ္ဍကို အဆင့်မြှင့်တင်မှု ပြီးစီးသွားပြီဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး နေမျိုးက ပြောကြားသည်။

ထို့အပြင် အဆိုပါ အမြန်လမ်းမကြီး တစ်လျှောက်၌ မတော်မဆ ယာဉ်တိမ်းမှောက်မှုများနှင့် အခြားမှုခင်းဖြစ်စဉ်များ ဖြစ်ပွားလာပါက အမြန်ဆုံး ရဲလုပ်ငန်းများနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ဟော့လိုင်း (အရေးပေါ်) ဖုန်းအလုံးအရေအတွက် စုစုပေါင်း ၂၀ ကို ယခု ရက်ပိုင်းအတွင်း တပ်ဆင်သွားမည် ဖြစ်သည်။

တပ်ဆင်သွားမည့် အရေးပေါ် တယ်လီဖုန်း နံပါတ်များမှာ ၀၉-၄၂၀၈၈၈၈၀၁ မှ ၀၉-၄၂၀၈၈၈၈၂၀ အထိ ဖြစ်သည်။

"အမြန်လမ်း တစ်လျှောက်မှာရှိတဲ့ ရဲစခန်းတွေမှာ ဆက်သွယ်ရေး လျင်မြန်စွာ အသုံးပြုနိုင်ဖို့အတွက် U HS စက်ကြီးတွေ တပ်ဆင်ပြီးတော့ အဆင့်မြှင့်တင်ထားတယ်။ အခြေအနေတစ်ခုခု ထူးခြားမှုရှိလာတဲ့အခါကျရင် လမ်းတာဝန်ရှိသူတွေ အမြန်ဆုံးသိရှိပြီးတော့ အမြန်ဆုံး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အရေးပေါ်ဖုန်းအလုံး ၂၀ ကိုလည်း တပ်ဆင်နေပါပြီ။ ဒါ့အပြင် အမြန်လမ်းမကြီးတစ်လျှောက်မှာ ရဲတပ်ဖွဲ့ဝင်တွေကို အဆိုင်းနှစ်ဆိုင်းနဲ့ ၂၄ နာရီ လုံခြုံရေး ရယူသွားမှာပါ"ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက ဆိုသည်။

ထို့အပြင် အဆိုပါရဲစခန်းများ၌ လူနာတင်ယာဉ်များ၊ မီးသတ်ကားများ၊ ကရိန်းကားများနှင့် ရဲတပ်ဖွဲ့ဝင်အင်အား ၅၀၀ ကျော်အား အရန်သင့်ထားရှိကာ ရဲလုပ်ငန်းများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လမ်းလုံခြုံရေးအတွက် ကင်းပုန်းဝပ်ခြင်းနှင့် စောင့်ကြည့် ကင်းလှည့်မှုများကို တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးရှိ စစ်ဆေးရေးဂိတ်တစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်)

အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/excellencemedia
1

Post a Comment

 
Top