0


Created on Saturday, 30 November 2013 01:09 

လွှတ်တော်မှ ချထားပေးသည့် ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ကို အလွဲသုံးစား ပြုလုပ်ပါက အရေးယူခံရမည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

အဆိုပါ ဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲမှုနှင့် ပတ်သက်၍ လုပ်ငန်းကော်မတီ ဖွဲ့စည်းရန်အတွက် သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် သင်္ဃန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ လျှပ်စစ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများစသည့် မြို့နယ်တာဝန်ရှိသူများသည် နိုဝင်ဘာ ၂၈ ရက်က သင်္ဃန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံခဲ့ရာ၌ ဦးသိန်းညွန့်က ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

"လူထုအကျိုးရှိအောင်လုပ်တဲ့ သိန်း ၁၀၀၀ ကို အရင်အဆက်ဆက်ပါခဲ့တဲ့ ဥာဉ် ပေါ့။ ခိုးမယ်၊ ဘုံးမယ်၊ ဖြတ်မယ်ဆိုရင်တော့ တရားဥပဒေကြောင်းအရ အရေးယူရမှာပါ။ ဘယ်သူလုပ်လုပ်ပေါ့။ ဒါမှသာ လုပ်ငန်းတွေကို ထိထိရောက်ရောက် လုပ်နိုင်မှာ" ဟု ဦးသိန်းညွန့်က ပြောကြားသည်။

ယင်းကဲ့သို့ ပြောကြားမှုနှင့် ပတ်သက်၍ ဦးသိန်းညွန့်ကို ထပ်မံမေးမြန်းခဲ့ရာ ယခုချပေးသည့်ငွေသည် အများနှင့် သက်ဆိုင်သည့် ငွေဖြစ်သည့်အတွက် အလွဲသုံးစားလုပ်ပါက ဥပဒေကြောင်းအရ အများပိုင်ပစ္စည်း မမှန်မကန်သုံးစွဲမှုဖြင့် အရေးယူခံရမည်ကို သိရှိအောင် ထောက်ပြလိုခြင်းအတွက် ယင်းကဲ့သို့ ပြောခြင်းဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် စီမံခန့်ခွဲခြင်းသာ ပြုလုပ်ရမည်ဖြစ်ပြီး အောက်ခြေလုပ်ငန်း ဖော်ဆောင်သူများအနေဖြင့် ကျသင့်ငွေထက် ပိုတင်ခြင်းများ ပြုလုပ်ပါက အရေးယူခံရမည်ကို ဥပဒေပညာရှင် တစ်ယောက်အနေဖြင့် သတိပေးခြင်းဖြစ်ကြောင်း ရှင်းပြသည်။

အဆိုပါဖွံ့ဖြိုးရေးရန်ပုံငွေ ထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းအတွက် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းကိုယ်တိုင် ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ၊ လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်များ ပါဝင်သည့် ဖွံ့ဖြိုးရေး လုပ်ငန်းကော်မတီတစ်ရပ်ကို ပြည်ထောင်စု လွှတ်တော်နာယကက ဖွဲ့စည်းပေးသွားမည် ဖြစ်သည်။

အဆိုပါကော်မတီ၏ လုပ်ငန်းတာဝန်များတွင် ချပေးထားသည့် ငွေကျပ်သိန်း ၁၀၀၀ ကို အလွဲသုံးစားမှု ပြုလုပ်ပါက အရေးယူရန်ဆိုသော အချက်မပါသော်လည်း တိုင်စာပစ်စာများ တက်လာမည်ဆိုပါက ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ဦးဆောင်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီက ဥပဒေနှင့်အညီ ဆောင်ရွက်သွားလိမ့်မည် ဖြစ်ကြောင်းလည်း ဦးသိန်းညွန့်က ပြောကြားသည်။

သင်္ဃန်းကျွန်းမြို့နယ်အတွက် ချပေးထားသည့် ကျပ်သိန်း ၁၀၀၀ ကို ရေရရှိရေး၊ လမ်း၊ တံတားများပြုပြင်ရေး၊ စာသင်ကျောင်းများ ပြင်ဆင်ရေး၊ ကျန်းမာရေးဆေးဝါးများ ထောက်ပံ့ရေးစသည့် လုပ်ငန်းများတွင် အဓိကထား အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top