Created on Saturday, 30 November 2013 01:05
သြစတြေးလျရောက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် တတိယမြောက် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ကင်ဘာရာမြို့၌ နိုဝင်ဘာ ၂၉ ရက်က လက်ခံရယူခဲ့သည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၂၉ ရက်တွင် ကင်ဘာရာမြို့သို့ ရောက်ရှိခဲ့ပြီး သြစတြေးလျ အမျိုးသားတက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို လက်ခံရယူခဲ့ခြင်း ဖြစ်သည်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို သြစတြေးလျ အမျိုးသားတက္ကသိုလ် အဓိပတိ ပရော်ဖက်ဆာGareth Evans က ချီးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် လူထုအတွက် စွမ်းစွမ်းတမံ ကြိုးစားပေးဆပ်ခဲ့မှုများကြောင့် ယခုလို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ပေးအပ်ခံရခြင်းဖြစ်ပြီး ဆုယူသည့် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၀ မိနစ်ခန့် မိန့်ခွန်းပြောကြားသည်။
"ကျွန်မအနေနဲ့ စစ်တပ်ကို ဆန့်ကျင်စရာအကြောင်း လုံးဝမရှိပါဘူး။ တကယ်တမ်းဆိုရင် ကျွန်မအမြဲတမ်း ပြောလေ့ရှိသလိုပဲ စစ်တပ်နဲ့ ပတ်သက်လို့ ကျွန်မအနေနဲ့ အမြဲတမ်း နှစ်သက်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်ကို ကျွန်မအဖေ ထူထောင်ခဲ့တာဖြစ်လို့ပါ။ ဒါပေမဲ့ စစ်တပ်ဟာ နိုင်ငံကို အုပ်စိုးရမယ်ဆိုတဲ့ သဘောကိုတော့ ကျွန်မလက်မခံနိုင်ပါဘူး"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
"စစ်တပ်ဆိုတာ ပြည်သူကို ကာကွယ်ဖို့၊ နိုင်ငံကို ကာကွယ်ဖို့၊ တရားမျှတမှုနဲ့ အခြေခံဥပဒေ ဘောင်ထဲကနေ ပြည်သူတွေအနေနဲ့ နိုင်ငံသားအခွင့်အရေး အပြည့်အ၀ ရရှိခံစားနိုင်အောင် ကူညီပေးဖို့ပါ။ ဒီအချိန်မှာတော့ အဲဒီတရားမျှတတဲ့၊ မြန်မာနိုင်ငံကို တကယ်စစ်မှန်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာနိုင်စေတဲ့ အခြေခံဥပဒေ ဖြစ်ပေါ်လာဖို့တောင် ကျွန်မတို့ ရုန်းကန်နေရပါတယ်။ ကျွန်မတို့ ကမ္ဘာကြီးရဲ့ အကူအညီကို လိုအပ်ပါတယ်။ မြန်မာနိုင်ငံဟာ အခုမှ ဒီမိုကရေစီသို့ သွားရာလမ်းအစနားမှာပဲ ရှိနေသေးတယ်ဆိုတာကို သတိထားရပါလိမ့်မယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။
"သြစတြေးလျနိုင်ငံဟာ စည်းလုံးမှုနဲ့ မတူကွဲပြားမှုတွေကို လက်ခံနိုင်မှုတို့ရဲ့ ဥပမာကောင်း ဖြစ်နိုင်လိမ့်မယ်လို့ မျှော်လည်းမျှော်လင့်ပါတယ်။ ဆုလည်း ဆုတောင်းပါတယ်" ဟု အခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အခမ်းအနား မစတင်မီတွင် ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျ အမျိုးသားတက္ကသိုလ်မှ အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး သြစတြေးလျနှင့် မြန်မာနိုင်ငံသား ကျောင်းသားများနှင့်လည်း မိနစ် ၄၀ ခန့် အနာဂတ် ခေါင်းဆောင်မှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။
ဘုရင်ခံချုပ် ကွမ်တင်ဘရုစ် ရှေ့မှောက်၌ ဧည့်သည်တော်မှတ်တမ်းတွင် ဒေါ်အောင်ဆန်းစုကြည်နိုဝင်ဘာ ၂၉ ရက်က လက်မှတ်ရေးထိုးစဉ်
အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment