0

မောင်တောခရိုင်အတွင်း မီးရှို့ဖျက်ဆီး ခံခဲ့ရသော ကျေးရွာများနှင့် အနီးဝန်းကျင်မှ ကျေးရွာများမှ အိမ်ထောင်စု ၁၄၄၀ အား အသက်မွေးဝန်းကျောင်း လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အိမ်ထောင်စု တစ်စုလျှင် အမေရိကန် ဒေါ်လာ ၁၅၀ ထောက်ပံ့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းသို့ ထောက်ပံ့ငွေများကို ကုလသမဂ္ဂ ဖွံ့ဖြိုးရေး စီမံကိန်း UNDP မှ ထောက်ပံ့ငွေဖြင့် မောင်တောခရိုင် အမျိုးသား ကူညီစောင့်ရှောက်ရေး ဖောင်ဒေးရှင်း(MNWF) နှင့် ACTION FOR GREEN EARTH(AGE) မှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

''အခုဆောင်ရွက်မယ့် စီမံကိန်းကတော့ မီးရှို့ဖျက်ဆီး ခံလိုက်ရတဲ့ တိုင်းရင်းသား ကျေးရွာကိုးရွာနဲ့ ယင်းအနီးအနားက ဘင်္ဂါလီကျေးရွာ ကိုးရွာ စုစုပေါင်း ၁၈ ရွာက အိမ်ထောင်စု ၁၄၄၀ ကို စာရင်းကောက်ပြီးတော့ မိသားစု တစ်စုကို အမေရိကန်ဒေါ်လာ ၁၅၀ နဲ့ ညီမျှတဲ့ မြန်မာငွေကို ပေးသွားမှာ ဖြစ်ပါတယ်။ ပထမအဆင့် အနေနဲ့ ရာခိုင်နှုန်း ၃၀ ပေးမှာ ဖြစ်ပြီးတော့ ဒုတိယအဆင့်မှာ ပိုပြီးပေးသွားမှာ ဖြစ်ပါတယ်။ စီမံကိန်းကာလက ငါးလသတ်မှတ်ထားပြီး နိုဝင်ဘာ ၁ ရက်ကစပြီးတော့ ကွင်းဆင်းပြီး အချက်အလက်တွေ၊ ဒေသခံတွေရဲ့လုပ်ငန်းလေးတွေကို လေ့လာပြီး အချက်အလက် စုဆောင်းနေပါပြီ။ နောက်လထဲမှာ အိမ်ထောင်စုတွေလက်ထဲ ငွေရောက်မှာ ဖြစ်ပါတယ်'' ဟု မောင်တောခရိုင် အမျိုးသား ကူညီစောင့်ရှောက်ရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်က ပြောကြားသည်။

ယင်းသို့ကူညီပေးမည့် အစီအစဉ်တွင် မီးရှို့ဖျက်ဆီးခံ တိုင်းရင်းသားကျေးရွာ ကိုးရွာမှ အိမ်ထောင်စု ၇၂၀ နှင့် အနီးအနားရှိ ဘင်္ဂါလီကျေးရွာ ကိုးရွာမှ အိမ်ထောင်စု ၇၂၀ စုစုပေါင်း အိမ်ထောင်စု ၁၄၄၀ အား အိမ်ထောင်စုတစ်စုလျှင် အမေရိကန်ဒေါ်လာ ၁၅၀ ပေးသွားမည်ဖြစ်ပြီး ကျေးရွာတစ်ရွာမှ ၀င်ငွေအနည်းဆုံး မိသားစု ပျှမ်းမျအိမ်ထောင်စု ၈၀ ခန့်အား ၎င်းတို့၏ မိသားစုဝင်ငွေ ရရှိနိုင်မည့် လုပ်ငန်းများအား စတင်နိုင်ရန် ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

''အခု ယူအင်ဒီပီနဲ့ လက်တွဲဆောင်ရွက်တာမှာ ကျေးရွာ ၁၈ ရွာက လူတွေရဲ့ အသက်မွေးမှု မိသားစုဝင်ငွေ တိုးအောင်လုပ်တာဖြစ်ပြီးတော့ ကျွန်တော်တို့ AGE အနေနဲ့ ကိုးရွာ၊ မောင်တောခရိုင် အမျိုးသား ကူညီစောင့်ရှောက်ရေး ဖောင်ဒေးရှင်းက ကိုးရွာကို အကူအညီပေးရမှာ ဖြစ်ပါတယ်။ ကူညီတဲ့အခါမှာ တိုင်းရင်းသား ရွာတွေကို ပေးသလို ဘင်္ဂါလီ ကျေးရွာတွေကိုလည်း အညီအမျှ ကူညီပေးသွားမှာ ဖြစ်ပါတယ်'' ဟု AGE မှ ဦးချစ်မြက ဆိုသည်။

(မောင်တောခရိုင် အတွင်းရှိ မီးရှို့ဖျက်ဆီး ခံရသော ကျေးရွာများမှ မိသားစုများအား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်))

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top