စီမံကိန်းများ ဆောင်ရွက်ရာတွင် မြေယာဆုံးရှုံး နစ်နာသူများအတွက် ပြန်လည်နေရာ ချထားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ရေးဆွဲသတ်မှတ် ထားခြင်းမရှိသေး
Created on Saturday, 09 November 2013 00:37
မြန်မာနိုင်ငံအတွင်း စီမံကိန်းကြီးများ ဆောင်ရွက်ရာတွင် မြေယာဆုံးရှုံး နစ်နာသူများအတွက် ပြန်လည်နေရာ ချထားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် အခြေအနေများကို အသေးစိတ်ရေးဆွဲ သတ်မှတ်ထားခြင်း မရှိသေးကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန်၏ ပထမအဆင့် စီမံကိန်း ဧရိယာအတွင်းရှိ အိမ်ထောင်စုများ အတွက် ပြန်လည်နေရာ ချထားရေးလုပ်ငန်း စီမံချက်တွင် ဖော်ပြထားချက်အရ သိရသည်။
လက်ရှိ မြန်မာနိုင်ငံ၏ မြေသိမ်းယူခြင်း ကိစ္စရပ်များတွင် ၁၈၉၄ ခုနှစ်၌ ပြဋ္ဌာန်းခဲ့သည့် မြေသိမ်းအက် ဥပဒေကို အသုံးပြုခဲ့ခြင်း ဖြစ်ပြီး ပြန်လည်နေရာ ချထားရေးဆိုင်ရာ ကိစ္စရပ်များမှာ အချို့ဥပဒေ၊ နည်းဥပဒေများတွင် အကြမ်းဖျင်းအားဖြင့် ဖော်ပြထားသော်လည်း အများအားဖြင့် ပြန်လည်နေရာ ချထားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် အခြေအနေများကဲ့သို့ အသေးစိတ်ရေးဆွဲ သတ်မှတ်ထားခြင်း မရှိသေးကြောင်း သိရသည်။
လက်ရှိတွင် မြေသိမ်းယူခြင်း/ပြန်လည် နေရာချထားခြင်း တို့အတွက် အသုံးပြုသည့် ဥပဒေအချို့တွင် လယ်ယာမြေဥပဒေ (၂၀၁၂)၊ လယ်ယာမြေ နည်းဥပဒေ (၂၀၁၂)၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ (၂၀၁၂)၊ အထူးစီးပွားရေးဇုန် ဥပဒေ (၂၀၁၁)၊ သစ်တောဥပဒေ (၁၉၉၂)၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ (၁၉၈၇)၊ သီးစားချထားရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၁၉၆၅)၊ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာများ ဥပဒေ (၁၈၉၉) မြေသိမ်းအက် ဥပဒေ၊ မြေနှင့်အခွန် အက်ဥပဒေ၊ အောက်မြန်မာနိုင်ငံ မြေနှင့်အခွန်လက်စွဲ၊ စည်ပင်သာယာရေး ကော်မတီဥပဒေ၊ ဗဟိုမြေယာ ကော်မတီ၏ ညွှန်ကြားချက်များ ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စီမံကိန်းများ ဆောင်ရွက်ရာ၌ အာရှဖွံ့ဖြိုးရေးဘဏ်၏ ဘေးအန္တရာယ် ကာကွယ်ရေး မူဝါဒကို အထူးသဖြင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ချက် ဆောင်ရွက်ရာတွင် ကိုးကားသုံးစွဲမှု ရှိသော်လည်း ပြန်လည်နေရာ ချထားရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် များစွာအသုံးပြုသည်ကို မတွေ့ရှိရကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန်၏ ပထမအဆင့် စီမံကိန်းဧရိယာ အတွင်းရှိ အိမ်ထောင်စုများ အတွက် ပြန်လည်နေရာ ချထားရေးလုပ်ငန်း စီမံချက်တွင် ဖော်ပြထားသည်။
ပြန်လည်နေရာ ချထားရေးနှင့် ပတ်သက်၍ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က အိမ်ထောင်စု များစွာအား ပြန်လည်နေရာ ချထားပေးရန် မဖြစ်မနေ လိုအပ်သည့် စီမံကိန်းများအတွက် ပြန်လည်နေရာ ချထားရေးလုပ်ငန်း စီမံချက်ကို ရေးဆွဲရမည်ဖြစ်ပြီး အများပြည်သူသို့ အသိပေး ချပြရမည်ဟု ဖော်ပြထားပြီး မြန်မာနိုင်ငံရှိ ဥပဒေများတွင်မူ ယင်းသို့ဖော်ပြချက်မျိုး ပြဋ္ဌာန်းထားခြင်း မရှိသေးကြောင်း သိရသည်။
နိုင်ငံတကာ စံနှုန်းများတွင် မြေယာကို အသုံးပြုကာ အသက်မွေးဝမ်းကျောင်း လျက်ရှိကြသည့် ပြန်လည်နေရာ ချထားမည့် သူများအတွက် အလားတူအတိုင်း မြေယာအခြေခံ ပြန်လည်နေရာ ချထားရေးကို ရွေးချယ်ခွင့် ပေးရမည်ဖြစ်ကြောင်း ဖော်ပြထားသော်လည်း မြန်မာနိုင်ငံရှိ ဥပဒေများတွင်မူ ယင်းသို့ဖော်ပြချက်မျိုး ပြဋ္ဌာန်းချက် မရှိသေးကြောင်း သိရသည်။ ပြန်လည်နေရာ ချထားသည့် အချိန်နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည် မတည်ငြိမ်မီ အချိန်စပ်ကြား ပံ့ပိုးမှုများ ပေးအပ်ရမည် ဆိုသော်လည်း မြန်မာနိုင်ငံရှိ ဥပဒေများတွင် ယင်းပြဋ္ဌာန်းချက် မရှိကြောင်း သိရသည်။
အေးချမ်းမွန် Credit To > Eleven Media Group <Thanks
Post a Comment