0


လယ်မြေများအပေါ် လှိုင်သာယာ ပင်မဓာတ်အားခွဲရုံ တည်ဆောက်မှုနှင့် ပတ်သက်၍ မူလလုပ်ကိုင်ခဲ့သော လယ်သမားတို့က ယနေ့ချိန်ထိ လယ်ယာမြေ နစ်နာကြေး မရသေးသဖြင့် ပြန်လည်၍ နစ်နာကြေး ရလိုကြောင်း သတင်းစာ ရှင်းလင်းပွဲ တစ်ခုကို နိုဝင်ဘာ ၂၃ ရက်က မြန်မာနိုင်ငံ ဂျာနယ်လစ် ရုံးခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အတွင်းပဒံအုပ်စု မြစိမ်ရောင် ကျေးရွာကွင်း အမှတ် (၃၆၉/B) အတွင်းရှိ လယ်သမားရှစ်ဦး ပိုင်ဆိုင်သော လယ်မြေ ၃၂ ဧကပေါ်တွင် ၂၀၀၄ ခုနှစ်မှ စတင်ပြီး လှိုင်သာယာ ပင်မဓာတ်အားခွဲရုံ အဆောက်အဦနှင့် ခြံဝင်းကို တည်ဆောက်ခဲ့ကြောင်း မြေသိမ်းခံ လယ်သမား တစ်ဦးဖြစ်သူ ဦးဇော်လင်းအောင်က ပြောကြားခဲ့သည်။

"ကျွန်တော်တို့ရဲ့ နစ်နာမှုအတွက် သက်ဆိုင်ရာတွေကို စာတင်ထားတော့ ရှိပါတယ်။ အဲဒါ နေပြည်တော်ကနေ လျှစ်စစ်ဝန်ကြီးဌာနကဆိုပြီး လူတွေလာစစ်ပေမဲ့ ဘာမှထူးခြားတာတွေ မရှိသေးဘူး။ လယ်ယာမြေ ဥပဒေအတိုင်း ကျွန်တော်တို့ လယ်သမားတွေ မနစ်နာအောင် ဆောင်ရွက်ပေးစေ ချင်ပါတယ်။ လယ်သမားက လယ်မလုပ်ရတော့ တွေ့သမျှ ကျပန်းပဲ လုပ်ကိုင်စားသောက် ရပါတယ်" ဟု ဦးဇော်လင်းအောင်က ယင်းသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယင်းသို့ နေပြည်တော်မှ အရာရှိ ဆိုသူများက ၎င်းတို့ကို အမှန်တကယ် လယ်သမားများ ဟုတ်၊ မဟုတ် စစ်ဆေးခဲ့ကြပြီး ပိုင်ဆိုင်မှု အထောက်အထားများ၊ စိုက်ပျိုးဘဏ် စာအုပ်များကို ထုတ်ပြပြီး ပိုင်ဆိုင်မှု ခိုင်လုံကြောင်း စစ်ဆေးခံခဲ့ရကြောင်း လယ်သမားများက ပြောကြားသည်။

"ကျွန်မရဲ့ လယ်နှစ်ဧကလောက် အသိမ်းခံရတဲ့ အထဲမှာ ပါသွားပါတယ်။ လယ်မရှိတော့ မိသားစုအနေနဲ့ ကြုံရာကျပန်း လုပ်ကိုင်ခဲ့ရတယ်။ အခုထိလည်း ဆင်းရဲတာက ဆင်းရဲတာပဲ။ လယ်လုပ်ခွင့် ဒါမှမဟုတ် နစ်နာကြေးလေးသာ ပြန်ရမယ်ဆိုရင် မျှော်လင့်မိတယ်" ဟု ယင်းလယ်သိမ်းခံရမှုတွင် ပါဝင်သည့် အသက် ၅၉ နှစ်ရှိ လယ်သမား ဒေါ်ညွှန်မြင့်က ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး လှိုင်သာယာ ပင်မဓာတ်အားခွဲရုံးမှ ခွဲရုံးမှူး ဦးအောင်သူရ၀င်းက "ကျွန်တော်တို့ အထက်လူကြီးတွေက ဒါကိုစုံစမ်း စစ်ဆေးပြီး နိုင်ငံတော် သမ္မတဆီကို ဆက်လက်တင်ပြ ထားတယ်လို့ သိရပါတယ်" ဟု ၎င်းက နိုဝင်ဘာ ၂၃ ရက်၊ ညနေ ၄ နာရီခန့်တွင် ပြောကြားခဲ့သည်။

(လယ်သိမ်းခံရသော လယ်သမားတစ်ဦး ၎င်းတို့၏ နစ်နာမှုများကို သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားနေစဉ် (ဓာတ်ပုံ-ကြည်နိုင်)
)

အေးချမ်းမွန် Credit To >Eleven Media Group

Post a Comment

 
Top