Home
»
ပြည်တွင်းရေး
» နိုင်ငံ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသာ မိုဘိုင်းဖုန်းသုံးစွဲနိုင်သေး
စ,ချိုကိုကို| ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၁ ရက်၊ ၂၀၁၃ ခုနှစ်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသုံးပြုနေသော မိုဘိုင်းဖုန်းလိုင်းအင်အား ၆ ဒသမ၂၈ သန်းရှိနေပြီဖြစ် ရာ ယင်းအရေအတွက်မှာ တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုတစ်စုလျှင် မိုဘိုင်းဖုန်းတစ်လုံး မသုံးနိုင်သည့် အနေအထားဖြစ်သည်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ နိုဝင်ဘာ ၂၀ ရက်က ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၈ ဒသမ ၇ သန်းကျော်ရှိသည့်အတွက် လက်ရှိအခြေအနေတွင် အိမ်ထောင်စု တစ်စုလျှင် ဖုန်းတစ်လုံးအသုံးပြုနိုင်ခြင်းမရှိသေးဘဲ အိမ်ထောင်စုတိုင်း သုံးစွဲနိုင်ရေး အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသို့ အိမ်ထောင်စုတစ်စုလျှင် မိုဘိုင်းဖုန်းတစ်လုံးကိုင်ဆောင်နိုင်ခြင်း မရှိသေးခြင်းနှင့်ပတ်သက်ပြီး အိုင်တီပညာရှင်တစ်ဦးဖြစ်သူ Mr.Htet ကွန်ပျူတာမှ ဒါရိုက်တာဦးထက်လင်းက “ဆင်းမ်ကတ်ကို မဲနှိုက်ပြီးရောင်းချတာက ကံကောင်းသူကရပြီး တချို့ဆို တစ်အိမ်တည်းနဲ့ ဖုန်းနှစ်လုံး၊ သုံးလုံး မဲပေါက် တယ်။ ဒါပေမဲ့ တကယ်လိုအပ်တဲ့သူတွေက မရဘူး။ အဲဒီတော့ ပြင်ပဈေးကွက်မှာလည်း ဆင်းမ်ကတ် ဈေးတွေက ကြီးလာတယ်။လိုအပ်တဲ့သူတွေက မတတ်နိုင်လို့ ၀ယ်မကိုင်နိုင်ကြဘူး။ အခုလို မဲနှိုက်ပြီး တော့ ရောင်းချပေးနေတာထက်စာရင် ပြည်သူတွေကို ပေါပေါများများ ကြိုက်သလို ၀ယ်ခိုင်းလိုက်ရင် ပိုအဆင်ပြေမယ်”ဟု သူ၏အမြင်ကို ပြောသည်။
မိုဘိုင်းဖုန်းများ ပိုမိုအသုံးပြုနိုင်ရေးအတွက် ဖုန်းလိုင်းတိုးချဲ့ခြင်းများကို ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွက် စတင်ဆောင်ရွက်နေပြီဖြစ်သည်ဟုလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာနမှ အင်ဂျင် နီယာမှူး ဦးအောင်ကျော်သက်က နိုဝင်ဘာ ၂၀ တွင် မဇ္ဈိမကို ပြောသည်။
၎င်းက “တစ်နှစ်အတွင်း မိုဘိုင်းဖုန်းလိုင်း လေးသန်းတိုးချဲ့တပ်ဆင်မယ့် စီမံကိန်းကို စတင်လုပ်ဆောင် နေပါပြီ။ ဖုန်းလိုင်းတွေမှာ အင်တာနက်အသုံးပြုချင်ရင် အသုံးပြုနိုင်အောင် station အလိုက် အင်တာ နက်အသုံးပြုနိုင်အောင် လုပ်ပေးထားပါတယ်”ဟု ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း မိုဘိုင်းဖုန်းလိုင်း အင်အား လေးသန်း ထပ်မံတပ်ဆင်မည်ဖြစ်ရာ တစ်သန်းမှာ အသစ်တပ်ဆင်မည်ဖြစ်ပြီး သုံးသန်းမှာ စနစ် မတူ သည့်ကွန်ရက်များနေရာတွင် စနစ်တူသည့်ကွန်ရက်များဖြင့် လဲလှယ်တပ်ဆင်ခြင်းဖြစ်သည်ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်းက စက်တင်ဘာ ၃ ရက် နိုင်ငံပိုင် သတင်းစာ၌ ဖြေကြားထားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်းများကို ယခုနှစ် ဧပြီလက စတင်ချ ထားပေးခဲ့ရာ လက်ရှိအချိန်ထိ အရေအတွက် ၂ ဒသမ ၄၈ သန်း ချထားပေးခဲ့ပြီးဖြစ်သည်ဟုလည်း မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်ထားသည်။
ကျပ် ၁၅၀၀ တန်မိုဘိုင်းဖုန်းများကို နိုဝင်ဘာလအတွက်လည်း အရေအတွက် ၃၆၀,၀၀၀ ချထားပေးမည် ဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်တွင် ချထားပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးက သတင်းထုတ် ပြန်ထားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းလိုင်းအင်အားတိုးချဲ့ခြင်းစီမံကိန်းအနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မိုဘိုင်းလိုင်းအင်အားလေးသန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် မိုဘိုင်းလိုင်း အင်အား ငါးသန်းနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင်လည်း မိုဘိုင်းအင်အား ငါးသန်းတိုးချဲ့ရန် စီစဉ်ထားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
အေးချမ်းမွန် Credit To >Mizzima - News in Burmese https://www.facebook.com/excellencemedia
Post a Comment