Sunday, 24 November 2013
ထောက်ပံ့ရေး အဖွဲ့အစည်းများသည် ဖိလစ်ပိုင် မုန်တိုင်းဒဏ် ခံဒုက္ခသည်များအား ပြန်လည် ကယ်ဆယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေရ သောကြောင့် ကုလသမဂ္ဂ သည်ဖိလစ်ပိုင်နိုင်ငံ ဒုက္ခသည်များ အတွက် ထောက်ပံ့ ပေးအပ်မှုကို ၁၆ ရာခိုင်နှုန်း တိုးမြှင့်၍ အမေရိကန် ဒေါ်လာ ၃၄၈ သန်း ထောက်ပံ့ပေးအပ် သွားမည် ဖြစ်ကြောင်း လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Valerie Amos က နိုဝင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့သည်ဟု အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။ ဖိလစ်ပိုင် ဒုက္ခသည်များ အတွက် ထောက်ပံ့ပေးရေးများစွာ လိုအပ်နေကြောင်း၊ အဓိကအားဖြင့် စားနပ်ရိက္ခာ၊ သန့်ရှင်းသော ရေနှင့် ယာယီတဲများ လိုအပ်လျက် ရှိကြောင်း၊ ဒုက္ခသည် အများအပြားမှာ ဆိုးဝါးသော ရာသီဥတု ဒဏ်ကို ခံစားရလျက် ရှိကြောင်းနှင့် နေအိမ်ပျက်စီး ဆုံးရှုံးသွားသော မိသားစုများ အနေဖြင့် ၄င်းတို့၏ နေအိမ်များ ပြန်လည် တည်ဆောက်နိုင်ရေး အတွက်နိုင်ငံတကာ အသိုက်အဝန်း၏ ရေရှည် ထောက်ပံ့ပေးမှုကို လိုအပ်လျက် ရှိကြောင်း Amos က ပြောကြားခဲ့သည်။ ကုလသမဂ္ဂက ဖိလစ်ပိုင် နိုင်ငံသို့ အရေးပေါ် ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၃ဝ၁ သန်း ပေးအပ်မည်ဟု နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန် ကြေညာထားခဲ့ပြီး ကနဦးထောက်ပံ့မှု အဖြစ် နိုဝင်ဘာ ၂၂ ရက်တွင် အမေရိကန် ဒေါ်လာ ၁၃၄ သန်း ပေးအပ်ခဲ့ကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံတွင် ဟိုင်ယန်မုန်တိုင်း တိုက်ခတ်ခဲ့မှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၅၂ဝဝ ဦးကျော် အထိရှိခဲ့ပြီး ကလေးသူငယ် ငါးသန်းကျော် ထိခိုက်ခံစား ခဲ့ရကြောင်းနှင့် နေအိမ် တစ်သန်းကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး ပြည်သူလေးသန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ဖိလစ်ပိုင် အစိုးရက နိုဝင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့သည်ဟု သိရသည်။
အေးချမ်းမွန် Credit To >မြ၀တီ

Post a Comment