Sunday, 24 November 2013
ရုရှားနှင့် တူရကီ နိုင်ငံတို့သည် ၂ဝ၁၃ ခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှု ကျဆင်းနေသော်လည်း နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏကို တိုးမြှင့်သွားမည်ဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တူရကီ ဝန်ကြီးချုပ် ရီဆပ် တေးရစ် အာဒိုဂန်တို့က စိန့်ပီတာစဘတ် မြို့တွင် နိုဝင်ဘာ ၂၂ ရက်က ကျင်းပပြု လုပ်သည့် အဆင့်မြင့် ရုရှား-တူရကီပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ အစည်းအဝေးတွင် ကတိပြု ပြောကြားခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
၂ဝ၂ဝ ပြည့်နှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏကို အမေရိကန် ဒေါ်လာ ၁ဝဝ ဘီလီယံအထိ ရောက်ရှိစေရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက် ရှိကြောင်း အာဒိုဂန်က ပြောကြား ခဲ့သည်။
၂ဝ၁၂ ခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၃၄ ဘီလီယံအထိ ရှိခဲ့သော်လည်း ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အထိ ပို့ကုန်သွင်းကုန် ပမာဏမှာ ၇ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျသွားခဲ့ကြောင်း၊ အဆိုပါ ကျဆင်းမှုမှာ ယာယီမျှသာ ဖြစ်ကြောင်း၊ ကုန်သွယ်မှု တိုးတက် ကောင်းမွန်ရေး အစီအစဉ်များ ချမှတ်ပြီးနောက် ပြန်လည် တိုးတက် လာနိုင်ကြောင်း ပူတင်က ပြောကြားခဲ့သည်။
တူရကီနိုင်ငံသည် ရုရှား ခရီးသွားများ အတွက် အဓိက သွားရောက်လိုသည့် နေရာ ဖြစ်ကြောင်း၊ ၂ဝ၁၃ ခုနှစ်တွင် တူရကီနိုင်ငံသို့ ရုရှား နိုင်ငံသားလေးသန်း သွားရောက် လည်ပတ် ခဲ့သည်ဟု မျှော်မှန်းရကြောင်း၊ ရုရှားနိုင်ငံသို့ လာရောက်လည်ပတ်သည့် တူရကီ ခရီးသွား အရေအတွက် မှာလည်း တိုးတက်လာခဲ့ကြောင်း ပူတင်က ပြောကြားခဲ့သည်။
ထို့အပြင် ရုရှားနိုင်ငံ ဆိုချီမြို့တွင် ကျင်းပပြုလုပ်မည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ အတွက် လုံခြုံမှု ခိုင်မာစေရေး တူရကီနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ နည်းပညာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန် လိုလားလျက် ရှိကြောင်းလည်း ပူတင်က ထပ်လောင်း ပြောကြားခဲ့သည်ဟု သိရသည်။
အေးချမ်းမွန် Credit To >မြ၀တီ

Post a Comment