0

Tuesday, November 19, 2013

ညအချိန် သင်္ချိုင်းကုန်းရှိ မှောင်ရိပ်ထဲတွင် ချိန်းတွေ့ကြသည့် စုံတွဲတစ်တွဲကို အမျိုးသားလေးဦးက ရန်စကာ ၀ိုင်းဝန်းထိုးကြိတ်ရာ အမျိုးသားသည် ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ်(၁၆၈)ရပ်ကွက်၊ ရိုးမရိပ်သာလမ်းရှိ ကျီစုသုသာန်၏ အရှေ့ဘက် အမှောင်ရိပ်ထဲတွင် နိုဝင်ဘာ ၁၅ရက် ည ၁၀နာရီခွဲခန့်က ဆိုင်ကယ်ရပ်ကာ ချိန်းတွေ့နေကြသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာကြသည် လူလေးဦးတို့က ရန်စကာ ၀ိုင်းဝန်းထိုးကြိတ်ကြသောကြောင့် အမျိုးသား သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

သေဆုံးသူအမျိုးသားသည် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် (၁၀၅)ရပ်ကွက်တွင်နေထိုင်ပြီး ၎င်း၏ချစ်သူ အမျိုးသမီးမှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် (၁၀၄ )ရပ်ကွက် တွင် နေထိုင် သူဖြစ်သည်။ ၎င်းတို့သည် (၁၀၄) ရပ်ကွက်ရှိ ဘုရားပွဲသို့  ဆိုင်ကယ်ဖြင့် သွားရောက်ရာ ဘုရားပွဲ မရှိသောကြောင့် ယင်းသုသာန်မှောင်ရိပ်ထဲတွင် စကားပြောနေချိန် အသတ်ခံရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဆိုင်ကယ်စီးလာသည့်လူနှစ်ဦးက ““ဆိုင်ကယ်တစ်စီးဖြတ်သွားတာ မတွေ့ဘူးလား””ဟု မေးရာ ချိန်းတွေ့နေသည့် အမျိုးသားက မတွေ့မိကြောင်းပြောလိုက်၍ ယင်းဆိုင်ကယ် ထွက်သွားပြီး ၁၀မိနစ်ခန့်အကြာ ယင်းဆိုင်ကယ်နှင့် နောက်ထပ်လူနှစ်ဦးစီးနင်းလာသည့် ဆိုင်ကယ်တစ်စီးပါ ထပ်မံရောက်လာကြပြီး ““မင်းက ဘာကောင်မို့ စကားကောင်းကောင်းမပြောတာလဲ””ဟုဆိုကာ အရက် မူးနေသည့် အဆိုပါလူလေးဦးက ၀ိုင်းဝန်းထိုးကြိတ်ပြီး ပြန်လည်ထွက်သွားကြကြောင်း သတင်းရရှိသည်။

ထိုသို့ ဖြစ်ပွားနေချိန်တွင် အမျိုးသမီးသည် အနီးရှိ ဘုန်းကြီးကျောင်းမှ လူများကို သွားရောက် အကူအညီတောင်းပြီး ပြန်ရောက်လာချိန်တွင် အမျိုးသားမှာ ဒဏ်ရာများဖြင့် လမ်း မပေါ်တွင်သေ ဆုံးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
““စုံစမ်းစစ်ဆေးနေတုန်းပဲ။ တရားလိုက ဒီလိုပဲ ဆိုင်ကယ်နှစ်စီးနဲ့ လူလေးယောက်လို့ပြောတာနဲ့ အမှုကိုလည်း ဒီအတိုင်းဖွင့်ပေးထားတာ”” ဟု ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိ တစ်ဦးက နိုဝင်ဘာ ၁၇ ရက်တွင်ပြောသည်။

ချိန်းတွေ့သူအမျိုးသမီးက တရားလိုပြုကာ ရဲစခန်းတွင် တိုင်ကြားသောကြောင့် ဒဂုံဆိပ်ကမ်းမြို့မ ရဲစခန်းက ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၂ လူသတ်မှုဖြင့် အမှုဖွင့်ထားပြီး အဆိုပါ အမျိုးသားလေးဦးကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

အေးချမ်းမွန် Credit To >7day Daily https://www.facebook.com/excellencemedia

Post a Comment

 
Top