ရန်ကုန်၊ နိုဝင်ဘာ ၁၉
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်ပြင်ပမှ လှုပ်ရှားနေသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ပြည်သူ့ကွန်ရက်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရန် မြို့ကြီး ခုနစ်မြို့တွင် လူထု တွေ့ဆုံပွဲများ တစ်ပြိုင်တည်း ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါ ကွန်ရက်မှ ဦးလှမျိုးနောင်က ပြောကြားသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲများကို ဒီဇင်ဘာ ၁ ရက်နေ့တွင် မန္တလေး၊ ပုသိမ်၊ ပြည်၊ ပဲခူး၊ လွိုင်ကော်၊ မော်လမြိုင်နှင့် ကျောက်ဖြူမြို့တို့တွင် တစ်ပြိုင်တည်း ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထုက ဘယ်လောက်သိလဲ ဆိုတဲ့အပေါ်မှာ အပြန်အလှန် ဆွေးနွေးသွားမှာပါ” ဟု ၎င်းက ဆိုသည်။
အဆိုပါ တွေ့ဆုံပွဲများတွင် ဖက်ဒရယ် ပြည်ထောင်စု၊ လူ့အခွင့်အရေး၊ အရပ်ဘက် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးတို့ အပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သော အချက်အလက်များကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြည်သူ့ကွန်ရက်အဖွဲ့ဝင် ဦးမျိုးရန်နောင်သိန်းက ပြောကြားသည်။
“အခြေခံဥပဒေကို ပြည်သူလူထု နားလည်လာဖို့ကို ရည်ရွယ်ပြီး ဆွေးနွေး သွားမှာပါ” ဟု ၎င်းကဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ပြည်သူ့ကွန်ရက်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ရန်ကုန်နှင့် တောင်ကြီးမြို့များတွင် လူထု တွေ့ဆုံပွဲများ ကျင်းပခဲ့ပြီး ပြည်သူ ၃၀၀ ဦးကျော်နှင့် လူမှုအဖွဲ့အစည်း ၅၀ ကျော်မှ အကြံပြုလွှာ များကို လက်ခံ ရရှိထားကြောင်း၊ ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသို့ ဒီဇင်ဘာ လ ၃၁ ရက်နေ့ မတိုင်မီ ပေးပို့သွားမည် ဖြစ်ကြောင်း အဆိုပါကွန်ရက်၏ ထုတ်ပြန်ချက် များအရ သိရသည်။
အေးချမ်းမွန် Credit To >The Voice Weekly

Post a Comment