ရန်ကုန်၊ နိုဝင်ဘာ ၂၇
ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်း ပေးထားသော အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီထံသို့ အခြေခံဥပဒေနှင့် ပတ်သက်သည့် အကြံပြုလွှာ ၂၄၀ ကျော် ရောက်ရှိနေပြီ ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင် ဒေါက်တာမြတ်ဉာဏစိုးက The Voice သို့ ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြံပြုချက် များကို လူမှုအဖွဲ့အစည်းများနှင့် တစ်သီးပုဂ္ဂလများက ပေးပို့ခြင်း ဖြစ်ပြီး အကြံပြုလွှာပေါင်း ၂၄၈ စောင်ရှိပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အဖွဲ့အသီးသီးက ပို့နေကြတာဆိုတော့ အခုအရေအတွက် ထပ်ပြီး တိုးလာနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ အကြံပြုလွှာများကို ဒီဇင်ဘာလ နောက်ပိုင်းတွင် သုံးသပ်ချက်များ ပြုလုပ်မည် ဖြစ်သောကြောင့် ပါဝင်သော အချက်များကို ထုတ်ဖော် ပြောကြားခြင်း မပြုနိုင်သေးကြောင်း ၎င်းကဆိုသည်။
အခြေခံဥပဒေတွင် ပါဝင်သော အချက်များကို ပြင်ဆင်ရေးအတွက် နိုင်ငံရေး ပါတီများ၊ လူမှု အဖွဲ့အစည်းများက ကြိုးပမ်း လုပ်ဆောင်လျက် ရှိပြီး ရရှိလာသော အကြံပြုချက်များကို အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီထံသို့ ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မီ ပေးပို့ရမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီက ထုတ်ပြန် ကြေညာထားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကလည်း အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးအတွက် လူထုဆန္ဒ ကောက်ယူမှုကို ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ပြုလုပ် မည် ဖြစ်ပြီး အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီထံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။
အလားတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNLD) သည် အခြေခံဥပဒေ ပြင်ဆင်ချက် ၁၀၀ ကျော်ကို ပေးပို့သွားမည် ဖြစ်ကြောင်း၊ တိုင်းရင်းသား ၁၅ ပါတီဖြင့် ဖွဲ့စည်းထားသော FUP ပါတီကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခန်းတိုင်းတွင် ပြင်ဆင်ထားကြောင်း အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီထံသို့ ပေးပို့ သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီများက ထုတ်ပြန်ထားသည်။
အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီကို ဇူလိုင်လ ၁၇ ရက်နေ့တွင် အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တို့မှ လွှတ်တော် ကိုယ်စားလှယ် ၁၀၉ ဦးဖြင့် ဖွဲ့စည်းထားပြီး အခြေခံဥပဒေပါ တွေ့ရှိချက်များကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရမည် ဖြစ်ကြောင်း နိုဝင်ဘာလ ပထမပတ်အတွင်း ကျင်းပသော ပြည်ထောင်စု လွှတ်တော်က အတည်ပြု ဆုံးဖြတ်ထားသည်။
အေးချမ်းမွန် Credit To > The Voice Weekly
Post a Comment