0


Created on Wednesday, 27 November 2013 00:09

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်သည် ဒီဇင်ဘာလအတွင်း ဖိလစ်ပိုင် နိုင်ငံသို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေး ၀န်ကြီးဌာနကို ကိုးကား၍ ABS-CBN news သတင်းဌာနက ဖော်ပြခဲ့သည်။

နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောဆိုရာတွင် သမ္မတ ဦးသိန်းစိန်သည် ဖိလစ်ပိုင်နိုင်ငံ သမ္မတ Benigno Aquino III ၏ ဖိတ်ကြားချက်အရ ဖိလစ်ပိုင် နိုင်ငံသို့ ဒီဇင်ဘာ ၄ ရက်မှ ၆ ရက်အထိ လာရောက်လည်ပတ် မည်ဖြစ်ကြောင်း သိရသည်။

လာရောက်လည်ပတ်ချိန် အတွင်း နှစ်နိုင်ငံ ခေါင်းဆောင်များသည် နှစ်နိုင်ငံကြား ရည်မှန်းချက် တူညီသော ကိစ္စရပ်များနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေး ကြမည်ဖြစ်ပြီး အဓိကအားဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ကိစ္စများ၊ လယ်ယာစိုက်ပျိုးရေး၊ စွမ်းအင်၊ ယဉ်ကျေးမှု ဖလှယ်ခြင်းနှင့် သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးသွားကြမည်ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြားသည်။

ထို့ပြင် ခေါင်းဆောင်နှစ်ဦးသည် မြန်မာနိုင်ငံ ၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌရာထူး ရယူမည့် ကိစ္စရပ် အပါအ၀င် ဒေသတွင်း ကိစ္စရပ်များကိုလည်း ဆွေးနွေးကြမည် ဖြစ်သည်။ ယခု ခရီးစဉ်သည် ၂၀၁၁ ခုနှစ် အာဏာရရှိပြီးနောက်ပိုင်း သမ္မတ ဦးသိန်းစိန်၏ ပထမဆုံးအကြိမ် ဖိလစ်ပိုင်နိုင်ငံသို့ လာရောက်သည့် ခရီးစဉ်ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ သမ္မတ အကွီနိုနှင့် သမ္မတ ဦးသိန်းစိန်တို့သည် ဇွန် ၇ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်၌ ပထမဆုံး အကြိမ်အဖြစ် တွေ့ဆုံဆွေးနွေး ခဲ့ကြဖူးသည်။

ဖိလစ်ပိုင်နိုင်ငံနှင့် မြန်မာနိုင်ငံသည် သံတမန်ရေးရာ ဆက်ဆံမှုကို ၁၉၅၆ ခုနှစ်မှ စတင်ခဲ့ပြီး လာမည့် ၂၀၁၆ ခုနှစ်တွင် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်မှု အနှစ် (၆၀)ပြည့် အခမ်းအနားကို ကျင်းပမည် ဖြစ်သည်။ ဖိလစ်ပိုင် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ပြောဆိုချက်အရ မြန်မာနိုင်ငံသည် ဖိလစ်ပိုင် ဟိုင်ရန် စူပါတိုင်ဖွန်းမုန်တိုင်းသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း ခုနစ်တန်နှင့် အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ လှူဒါန်းထားကြောင်းလည်း သိရသည်


အေးချမ်းမွန် Credit To >Eleven Media Group

Post a Comment

 
Top