မည်သူမဆို အမှားနှင့် မကင်းနိုင်ပေ။ ၎င်းအပြင် ယင်းအမှားကို စောခြင်းနှင့် နောက်ကျခြင်းသာကွာပြီး မှားကြောင်းသိမြင်သွားလေ့ ရှိသည်။ ယင်း၌ အချို့သည် သိသည့်အချိန်၌ အမှားကို ၀န်ခံကာ အမှန်ကို ပြင်တတ်သည်။ အချို့သည် အမှားကို သိမြင်သည့်တိုင် ၀န်မခံဘဲ ဖုံးကွယ်ရန်သာ ကြိုးစားတတ်သည်။ ပိုမိုဆိုးရွားသူ အချို့ကား အမှားကို ၀န်မခံသည့်အပြင် မှားမှန်းသိလျက်နှင့်ပင် ပြင်ဆင်ခြင်း မပြုဘဲ ဇွတ်မှိတ်ကာ အမှားအတိုင်း အတင်းရှေ့ဆက် တိုးတတ်သည်။ ထို့ကြောင့် အမှားလုပ်မိခြင်းထက် ၀န်ခံခြင်းနှင့် ပြင်ဆင်ခြင်းက ပို၍အရေးကြီး လာသည်။ ထို့ပြင် အမှားအတွက် တာဝန်ယူခြင်းသည်လည်း အဓိက ကျသည်။
လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်း တစ်ခုမှသည် အစိုးရ တစ်ရပ်အထိ မှားယွင်းလွဲချော်မှုများ ပြုလုပ်တတ်ကြသလို ကြုံတွေ့နိုင်ကြသည်။ သို့သော် အမှားကို ၀န်ခံခြင်း၊ အချိန်မီ ပြင်ဆင်ခြင်းများဖြင့် အဆိုးထဲမှ အကောင်းကို ရှာဖွေလေ့ ရှိကြသည်။ မိမိတို့၏ မှားယွင်းမှုအတွက် တာဝန်ယူလေ့ ရှိကြသည်။ ထိုသို့ မဟုတ်ပါက အမှား၏ သက်ရောက်မှု အနည်းအများပေါ် မူတည်၍ နောက်ဆက်တွဲ ဆိုးကျိုးများစွာ ကြုံတွေ့နိုင်သည်ကို သတိပြုရမည် ဖြစ်သည်။
ဒီမိုကရေစီ ထွန်းကားသော နိုင်ငံများတွင် ဤအလေ့အထကို ပိုမိုတွေ့မြင်ရမည် ဖြစ်သည်။ အာရှဒေသတွင်း နိုင်ငံတစ်နိုင်ငံဖြစ်သော ဂျပန်နိုင်ငံတွင် အမှားအယွင်းများအတွက် ၀န်ခံတောင်းပန်သည့် အစိုးရ တာဝန်ရှိသူများ၏ သတင်းများကို ဖတ်ဖူးကြမည် ဖြစ်သည်။ အမှားအယွင်း မရှိခြင်းက အကောင်းဆုံးဖြစ်ပြီး အကယ်၍ အခြေအနေကြောင့် မှားယွင်းခဲ့ပါက အမှားကို တာဝန်ယူခြင်း၊ ၀န်ခံခြင်းနှင့် ပြင်ဆင်ခြင်းမှာ အရေးပါမည် ဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်က လတ်ဗီးယားနိုင်ငံ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးသော ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် လွတ်လပ်သော နိုင်ငံအဖြစ် ရပ်တည်ခဲ့သည့် လတ်ဗီးယားနိုင်ငံအတွက် အဆိုးရွားဆုံးသော ဖြစ်စဉ်လည်း ဖြစ်သည်။ လတ်ဗီးယားနိုင်ငံ မြို့တော် ရီဂါရှိ စူပါမားကက်တစ်ခု ပြိုကျမှု ဖြစ်ပွားကာ လူပေါင်း ၅၀ ကျော် သေဆုံးခဲ့သည်။ ဤဖြစ်စဉ်အတွက် ၀န်ကြီးချုပ် ဗယ်လ်ဒစ်ဒွန်ဘရော့ဗ်စကီး ရာထူးမှ နုတ်ထွက်ပေးခဲ့သည်။ ၀န်ကြီးချုပ် ဗယ်လ်ဒစ်ဒွန်ဘရော့ဗ်စကီးသည် ဤရာထူးတွင် သက်တမ်းသုံးကြိမ်တိုင် တာဝန်ထမ်းဆောင်ခဲ့သည့် သက်တမ်းရှည် ၀န်ကြီးချုပ် တစ်ဦးဖြစ်သည်။
ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုး၊ မည်သည့်အစိုးရမဆို တာဝန်ယူခြင်း၊ ၀န်ခံခြင်းနှင့် အမှားများအတွက် လိုအပ်သော ပြင်ဆင်ခြင်းများ လုပ်ဆောင်ခြင်းတို့အတွက် သာဓကများ ရှိပြီးဖြစ်သည်။ အထူးသဖြင့် အပြောင်းအလဲများကို လုပ်ဆောင်ရသော နိုင်ငံတိုင်း၊ အစိုးရတိုင်းတွင် ဤဖြစ်ရပ်များကို မလွဲမသွေ တွေ့ကြုံရနိုင်ပါသည်။ ယင်းသို့ တွေ့ကြုံပါက မည်ကဲ့သို့ တာဝန်ယူ ဖြေရှင်းကျော်လွှား ကြမည်ဆိုခြင်းသာ ကွာခြားမည် ဖြစ်သည်။ သို့ပါ၍ ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ရဦးမည့် မြန်မာနိုင်ငံ အနေဖြင့်လည်း မှားယွင်းမှုများ ရှိပါက တာဝန်ယူခြင်း၊ ၀န်ခံခြင်းနှင့် လုံလောက်သော ပြင်ဆင်ခြင်းများအတွက် အလေးထား ဆောင်ရွက်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/
Post a Comment