ရန်ကုန်၊ နိုဝင်ဘာ ၎
မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးနှင့် ရေနံ တူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် အမေရိကန်- မြန်မာ ဖက်စပ်ကုမ္ပဏီ Young Holloman က အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း Young Investment Group မှ အထွေထွေမန်နေဂျာ ဦးအောင်ဝင်းက ပြောကြားသည်။
Young Investment ကို အမေရိကန် ပြည်ထောင်စု အခြေစိုက် Holloman Corporation နှင့် ပြည်တွင်းမှ Young Investment Group တို့ ပူးပေါင်း တည်ထောင်ထားခြင်း ဖြစ်ပြီး အဆိုပါ ကုမ္ပဏီ ရုံးခန်းကို နိုဝင်ဘာလ ၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း အဆိုပါ ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။
Young Holloman ကုမ္ပဏီသည် လက်ရှိတွင် ချင်းတွင်းဒေသနှင့် တောင်ငူမြို့ ဝန်းကျင်ရှိ ပဲခူးရိုးမတို့တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုန်းတွင်းပိုင်း လုပ်ကွက်နှစ်ခု လုပ်ကိုင်ရန် စွမ်းအင်ဝန်ကြီးဌာနမှ ခွင့်ပြုချက် ရရှိထားပြီး ဒေါ်လာသန်း ၁၃၀ ခန့် အသုံးပြုသွားမည် ဖြစ်ကြောင်း ဦးအောင်ဝင်းက ရှင်းပြသည်။
“ရေနံလုပ်ကွက် တစ်ခုအတွက် ဒေါ်လာ ၆၅ သန်း သုံးမယ်။ ဆောက်လုပ်ရေး လုပ်ငန်းအတွက် ဒေါ်လာ သန်း ၁၀၀ နဲ့အထက် သုံးသွားမယ်” ဟု ၎င်းကဆိုသည်။
ဆောက်လုပ်ရေး လုပ်ငန်းများကို အဓိက လုပ်ကိုင်ရန် ရည်ရွယ်၍ တည်ထောင်ခြင်း ဖြစ်ပြီး ပြည်တွင်းတွင် ဘိလပ်မြေ စက်ရုံတစ်ခု တည်ဆောက်ရန် စီစဉ်ထားကြောင်း Holloman ကုမ္ပဏီထံမှ သိရသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းများကို လုပ်ကိုင်သည့် Holloman Corporation ကို ၁၉၆၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး သြစတြေးလျ၊ ပါပူဝါနယူးဂီနီနှင့် ရုရှားနိုင်ငံတို့တွင် လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။
အေးချမ်းမွန် Credit To >The Voice Weekly

Post a Comment