0

နေပြည်တော် - ရခိုင်ပြည်နယ်တွင် ရဲဝန်ထမ်းနှင့် ပြည်သူ အချိုးအားဖြင့် ရဲတစ်ဦးလျှင် ပြည်သူငါးရာအတွက် (၁း ၅၀၀) နှုန်းဖြင့် တာဝန်ချထားပေးပြီး ကျန်ဒေသများထက် လုံခြုံရေး ပိုမိုချထားပေးခြင်းဖြစ်သည်ဟု နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောကြားလိုက်သည်။

ကျန်ပြည်နယ်တိုင်းများတွင် ရဲဝန်ထမ်းနှင့် ပြည်သူအချိုးကို ၁း ၉၀၀ နှုန်းဖြင့် တာဝန်ချထားခြင်း ဖြစ်သော်လည်း ရခိုင်ပြည်နယ်အတွက် ပိုမိုချထားပေးခြင်းဖြစ်သည်ဟု နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီးက နိုဝင်ဘာ ၄ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ပြောသည်။

နယ်မြေလုံခြုံရေးအတွက် တာဝန်ယူနေသော ရဲတပ်ရင်းမှ အင်အားသုံးထောင်ကျော်နှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်အင်အား နှစ်ထောင်ကျော်ရှိသည့်အတွက် စုစုပေါင်း ရဲဝန်ထမ်း ခြောက်ထောင်ကျော်ရှိသည်ဟုလည်း ဒုတိယ၀န်ကြီးက ဆိုသည်။

ထို့အပြင် ဘင်္ဂါလီလူမျိုး ခုနစ်သောင်းကျော်နေထိုင်ပြီး ဒေသခံ ရခိုင်တိုင်းရင်းသား ခုနစ်ထောင်ကျော်သာရှိသည့် မောင်တောဒေသသည် လက်ရှိအချိန်တွင် တည်ငြိမ်မှုအရှိဆုံးဒေသဖြစ်သည်ဟုလည်း သိရသည်။

ရခိုင်ပြည်နယ်၏ နယ်မြေလုံခြုံရေးကို ရဲတပ်ရင်းများက တာဝန်ယူဆောင်ရွက်နေပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေ ကာကွယ်ရေးအတွက် တပ်မတော် တပ်ရင်းတပ်ဖွဲ့များက နယ်စပ်တစ်လျှောက် လုံခြုံရေး၊ နယ်မြေစိုးမိုးရေးနှင့် စစ်ဆင်ရေးများ ပြုလုပ်နေသည်ဟု ဒုတိယ၀န်ကြီးက ဆိုသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းသည်လည်း သဘာဝအတားအဆီးများရှိနေသည့် စတုတ္ထအဆင့် ၅၃ မိုင်ကျော်သာ ကျန်ရှိတော့သည်ဟု သိရသည်။

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

အေးချမ်းမွန် Credit To >7Day News Journal https://www.facebook.com/excellencemedia

Post a Comment

 
Top