Created on Friday, 01 November 2013 16:33- Written by လှမြင့် (ရန်ကုန်တက္ကသိုလ်)
အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည် ကိုးဦး၏ အာဇာနည်ဗိမာန်ကို တွေ့ရစဉ်
ကျင့်ဝတ်ဟူသည် လိုက်နာစောင့်ထိန်း အပ်သော ၀တ္တရားဖြစ်သည်။ သိက္ခာဟူသည် အကျင့်သီလ၊ အကျင့်သီလ ရှိသော ဂုဏ်ဖြစ်သည်။ လူ့ဘောင်၊ လူ့လောက၊ လူမှု ပတ်ဝန်းကျင်တွင် လူ့ကျင့်ဝတ်၊ သိက္ခာ ရှိမှုသည် အရေးကြီးဆုံးသော အင်္ဂါတစ်ရပ် ဖြစ်သည်။ လူ့ကျင့်ဝတ် သိက္ခာ၏ အနှစ်သာရသည် စာရိတ္တ ကောင်းမွန်ရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေးပင် ဖြစ်သည်။ ကိုယ်ကျင့်တရား ဟူသော လူ့ကျင့်ဝတ် သိက္ခာသည် ရာထူးဂုဏ်သိန်နှင့်မဆိုင်။ ပစ္စည်းဥစ္စာ ကြွယ်ဝမှုနှင့်လည်း မသက်ဆိုင်။ လူ့ကျင့်ဝတ် သိက္ခာသည် ငွေနှင့်ဝယ်ယူ၍ရသော အရာမျိုးမဟုတ်။ ရာထူးဂုဏ်သိန်နှင့် တိုင်းတာ၍ ဆုံးဖြတ်၍ရသော အရာမျိုးလည်း မဟုတ်ပေ။ ဆင်းရဲခြင်း၊ ချမ်းသာခြင်းနှင့်လည်း မသက်ဆိုင်ပေ။ လူတို့၏ မိမိကိုယ်တိုင် ကျင့်သုံးဆောက်တည် အပ်သော အလေ့အကျင့်မျိုး ဖြစ်သည်။ ထို့ကြောင့် လူ့ကျင့်ဝတ် သိက္ခာဟူသည် မိမိကိုယ်တိုင် ဆောက်တည်ကျင့်သုံးမှု ဖြစ်သည်။
''မကောင်းမှုဟူသည် စိတ်ကွယ်ရာမရှိ'' ဟူသော ဆိုရိုးစကားသည် လူ့ကျင့်ဝတ်သိက္ခာ၏ တန်ဖိုးကို ဖော်ထုတ်ထားမှု ဖြစ်သည်။ လူ့ကျင့်ဝတ် သိက္ခာ ကျဆင်းနေမှုကို ပျက်ယွင်းနေမှုကို အလျော်အစားပေး၍ ဖာထေးခြင်းသည် လူ့သိက္ခာကို အဖတ်ဆယ်သော ဟန်ဆောင်မှုသာ ဖြစ်သည်။ စင်စစ်အားဖြင့် အလျော်အစားပေး၍ ဖာထေးထားသော လူ့ကျင့်ဝတ် သိက္ခာသည် အဖတ်ဆယ်၍ မရသော ကျင့်ဝတ်သိက္ခာပင် ဖြစ်နေတော့သည်။ မြန်မာ့လူမှုရေး နယ်ပယ်တွင် လူ့ကျင့်ဝတ်သိက္ခာ ရှင်သန်စေရေး၊ ဖွံ့ဖြိုးစေရေးကို ရှေးခေတ် အစဉ်အဆက် သမိုင်းအစဉ်အဆက်ကပင် တန်ဖိုးထား မြတ်နိုးခဲ့ကြသည်။ ထို့ကြောင့် မြန်မာ့လူ့ဘောင် အဖွဲ့အစည်းနှင့် လူမှုရေးနယ်ပယ်တွင် လူ့ကျင့်ဝတ် သိက္ခာသည် အလွန်အရေးပါသည်။
လူ့ကျင့်ဝတ် သိက္ခာသည် ကိုယ်ကျင့်တရားကောင်း(၀ါ) စာရိတ္တကောင်း ဟူသော ၀ိသေသပင် ဖြစ်သည်။ ကိုယ်နှုတ်နှလုံးဟူသော ကံသုံးပါးကို ကောင်းမွန်လုံခြုံအောင် စောင့်ထိန်းခြင်းကို ကိုယ်ကျင့်တရား ကောင်းဟု ဖွင့်ဆို၍ ယင်းကိုယ်ကျင့်တရား ကောင်းကို စောင့်ထိန်းလိုက်နာသူကို စာရိတ္တကောင်းသူ၊ လူ့ကျင့်ဝတ်သိက္ခာ ရှိသူဟူ၍ သတ်မှတ်သည်။ လူမှုရေး နယ်ပယ်တွင် လူ့ကျင့်ဝတ်သိက္ခာရှိသူ ပြည့်စုံသူတို့သည် လူချွန်လူကောင်းများဟူ၍ သတ်မှတ်လက်ခံ လေးစားကြည်ညို ကြသည်။
လူ့ကျင့်ဝတ် သိက္ခာတွင် ကိုယ်အမူအရာ (ကာယကံ)၊ နှုတ်အမူအရာ (၀စီကံ)၊ စိတ်အမူအရာ (မနောကံ) ဟူသော အမူအရာသုံးပါး (ကံသုံးပါး) သည် အခြေခံ ဖြစ်သည်။ လူတစ်ဦးသည် ကိုယ်အမူအရာ ယဉ်ကျေးသိမ်မွေ့ နေရုံမျှဖြင့် လူ့ကျင့်ဝတ်သိက္ခာ မကောင်းနိုင်။ ထိုနည်းတူ နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့ နေရုံမျှဖြင့် လူ့ကျင့်ဝတ်သိက္ခာ မပြည့်စုံနိုင်။ စိတ်အမူအရာ တစ်ခုတည်း ကောင်းနေရုံမျှဖြင့်လည်း လူ့ကျင့်ဝတ်သိက္ခာ ကောင်းသည်ဟု မသတ်မှတ်နိုင်ပေ။ ကိုယ်နှုတ် အမူအရာ သုံးပါးလုံး ပြည့်စုံခြင်းဟူသော ကိုယ်အမူအရာ ယဉ်ကျေးခြင်း၊ နှုတ်အမူအရာ အပြောအဆို သိမ်မွေ့ခြင်း၊ စိတ်အမူအရာ စိတ်နေစိတ်ထား ဖြူစင်မြင့်မြတ်ခြင်း တို့သည်သာလျှင် လူ့ကျင့်ဝတ် သိက္ခာ၏ တန်ဖိုးဖြစ်သည်။
လူ့ကျင့်ဝတ် သိက္ခာကောင်းသည် လူ့အဖွဲ့အစည်း၏ ကောင်းကျိုးကို ဖြစ်ထွန်းစေသည်။ လူတစ်ဦးသည် ကိုယ်အမူအရာ ရိုင်းပျနေလျှင်၊ နှုတ်အမူအရာ ကြမ်းတမ်းနေလျှင်၊ စိတ်အမူအရာ ယုတ်ညံ့နေလျှင် လူ့ကျင့်ဝတ် သိက္ခာမဲ့သူ၊ ပျက်ယွင်းသူ ဖြစ်တော့သည်။ လူ့ကျင့်ဝတ်သိက္ခာ ကောင်းနှင့် ပြည့်စုံသူတို့သည် သက်ရှိထင်ရှား ရှိနေစဉ် ကာလတွင်လည်း လူအများ၏ ချစ်ခင်လေးစား ကြည်ညိုခြင်းကို ခံရသည်။ သေဆုံးသွားသော်လည်း နာမည်ဂုဏ်ဒြပ် ကျင့်ဝတ်သိက္ခာ အထင်အရှားသမိုင်း တင်ကျန်ခဲ့သည်။
လူ့ကျင့်ဝတ်သိက္ခာ ပျက်ယွင်းခြင်း၊ မစောင့်ထိန်းခြင်းသည် မိမိကိုယ်မိမိ ဖျက်ဆီးရာလည်း ရောက်၏။ အများအတွက်လည်း ဆိုးကျိုးကို ဖြစ်စေသည်။ ပတ်ဝန်းကျင် ကိုလည်း နှောင့်ယှက်ရာလည်း ရောက်၏။ ကျင့်ဝတ်သိက္ခာ ပျက်ယွင်းသူသည် လူမသေသေးသော်လည်း နာမည်သေသွားသူပင် ဖြစ်၏... |
ကျန်စစ်သား မင်းကြီး၏ ထီးနန်းအမွေကို ဆက်ခံခွင့်ရရှိခဲ့သော မြေးတော် အလောင်းစည်သူ မင်းကြီး၏ သားဖြစ်သူ နရသူ (ကုလားကျမင်း) ၏ သားအဖ ဇာတ်လမ်းသည်ကား ကျန်စစ်သား မင်းကြီးနှင့် သားတော် ရာဇကုမာရ် မင်းသား၏ သားအဖဇာတ်လမ်းနှင့် မိုးနှင့်မြေ ပမာဖြစ်သည်။ အလင်းနှင့် အမှောင်ကို လည်းကောင်း၊ အကောင်းနှင့် အဆိုးကို လည်းကောင်း ဖော်ပြနေသည့် လူ့ကျင့်ဝတ်သိက္ခာ အကောင်းအဆိုး၏ ပြယုဂ်သဖွယ် သမိုင်းသက်သေဖြစ်သည်။ မှန်နန်းမဟာ ရာဇ၀င်တော်ကြီး (ပထမတွဲ) ၌ ''အလာင်းစည်သူ မင်းကြီးသည် သည်းထန်စွာ နာတော်မူသည်ကို သားတော်နရသူသည် နန်းကချ၍ ရွှေဂူဘုရားတွင် ထားသည်။ မင်းကြီးသည် အနာမှထမြောက်တော် မူချေသော် ငါပျက်စီးသို့ ရောက်ခြိမ့်မည် အကြံဖြစ်ဘိ၍ မင်းကြီးကို အ၀တ်ပုဆိုးတို့ဖြင့် ဖိ၍ အနိစ္စရောက်တော် မူစေ၏'' ဟူ၍ မှတ်တမ်းတင်ခဲ့သည်။
ထိုနည်းတူ ကုန်းဘောင်ခေတ်နှောင်း (မန္တလေး) ရတနာပုံခေတ် မင်းတုန်းမင်းကြီး လက်ထက် ထင်ရှားကျော်ကြားသော စာဆိုတော်ကြီး ယောအတွင်းဝန် ဦးဖိုးလှိုင်သည် အုပ်ချုပ်သောမင်း (မင်းတုန်းမင်း) အား ကျင့်ဝတ်သိက္ခာ ကောင်းနှင့် ပြည့်စုံစေရန် ''အစ်မ နှစ်မ သမီးကကိုစ၍ ဆက်နှင်း လက်ဆောင်သွင်း၍ စိုးမင်းချစ်မြတ် ထိုအမတ်သည် အတတ်မရှိ၊ သတ္တိကင်းကွာ၊ ဘုန်းကြီးလျာမူ၊ ပြည်ရွာပျက်ကြောင်း တစ်ပါးတည်း'' ဟူ၍ မင်းတိုင်ပင် အမတ်ကောင်းပီပီ လမ်းညွှန်သတိပေးခဲ့သည်။
လူ့ကျင့်ဝတ်သိက္ခာ ပျက်ယွင်းခြင်း၊ မစောင့်ထိန်းခြင်းသည် မိမိကိုယ်မိမိ ဖျက်ဆီးရာလည်း ရောက်၏။ အများအတွက်လည်း ဆိုးကျိုးကို ဖြစ်စေသည်။ ပတ်ဝန်းကျင်ကိုလည်း နှောင့်ယှက်ရာလည်း ရောက်၏။ ကျင့်ဝတ်သိက္ခာ ပျက်ယွင်းသူသည် လူမသေသေးသော်လည်း နာမည်သေသွားသူပင် ဖြစ်၏။ သေဆုံးသွားခဲ့လျှင်လည်း မကောင်းသတင်းသည် ကျန်ရစ်စမြဲပင် ဖြစ်သည်။ ထို့ကြောင့် လူ့ကျင့်ဝတ်သိက္ခာ ပျက်ယွင်းသူတို့အား ''ဘ၀တွင် အမည်းစွန်းထင်သူများ'' ဟူ၍ တင်စားခေါ်ဆို သတ်မှတ်ခဲ့ကြသည်။
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကြောင်းတွင် လွတ်လပ်ရေး ဗိသုကာကြီးနှင့် ဖခင်ကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများအား မိမိ၏ အတ္တနှင့် ကိုယ်ကျိုးအတွက် ဦးထိပ်ထားလျက် လုပ်ကြံသတ်ဖြတ်ခဲ့သော ဂဠုန်ဦးစောနှင့် အပေါင်းအပါတို့၏ လူ့ကျင့်ဝတ်နှင့် သိက္ခာတို့သည် သမိုင်းသင်ခန်းစာ ယူဖွယ်ရာ အကျည်းတန် အရုပ်ဆိုးမှု အနိဋ္ဌာရုံပင် ဖြစ်သည်။
ဂေါတမ မြတ်စွာဗုဒ္ဓ၏ အဆုံးအမတော် တစ်ရပ်ဖြစ်သော 'သစ္စာလေးပါး' တရားတွင် 'မဂ္ဂသစ္စာ' ၏ အနှစ်သာရ 'မဂ္ဂင်ရှစ်ပါး' ကို သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမာဝါစာ၊ သမ္မာ ကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယမ၊ သမာသတိ၊ သမ္မာသမာဓိ' ဟူ၍ ဟောကြားတော် မူခဲ့သည်။
ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော ဉာဏ်အမြင် (သမ္မာဒိဋ္ဌိ) ဖြူစင်ဖြောင့်မတ် ကောင်းမြတ် စင်ကြယ်သော အကြံအစည် (သမ္မာသင်္ကပ္ပ)၊ ဖြူစင်ဖြောင့်မတ် ကောင်းမြတ် စင်ကြယ်သော ၀စီကံ(နှုတ်မှု) (သမ္မာဝါစာ)၊ ဖြူစင်ဖြောင့်မတ် ကောင်းမြတ် စင်ကြယ်သော ကာယကံ (ကိုယ်မှု)(သမ္မာကမ္မန္တ)၊ ဖြူစင်ဖြောင့်မတ် ကောင်းမြတ် စင်ကြယ်သော အသက်မွေးမှု (သမ္မအာဇီဝ)၊ ဖြူစင်ဖြောင့်မတ်ကောင်း မြတ်စင်ကြယ်သော လုံ့လ၀ီရိယပြုမှု၊ (သမ္မာဝါယမ)၊ ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော (သမ္မာသတိ)၊ ဖြူစင်ဖြောင့်မတ် ကောင်းမြတ် စင်ကြယ်သော စိတ်တည်ကြည်မှု (သမ္မာသမာဓိ) ဟူသော မဂ္ဂင်ရှစ်ပါးတို့သည် လောကီနှင့် လောကုတ္တရာ အကျိုးစီးပွား ကောင်း၏ လူ့ကျင့်ဝတ် သိက္ခာကောင်းများ ဖြစ်ကြောင်းနှင့် ကျင့်ကြံပွားများ လိုက်နာဆောင်ရွက်ကြရန် လမ်းညွှန်ဆုံးမ သြ၀ါဒ ပေးခဲ့သည်။
'မကောင်းမှုသည် စိတ်ကွယ်ရာမရှိ' ဟူသော ဆိုရိုးစကားနှင့်အညီ လူ့ကျင့်ဝတ်နှင့် သိက္ခာတို့ အတွင်းစည်းတွင် လည်းကောင်း၊ အပြင်စည်းတွင် လည်းကောင်း ထိန်းသိမ်းစောင့်ရှောက် ပြုစုပျိုးထောင်ရန် အရွယ်မရွေး၊ အဆင့်အတန်းမရွေး၊ ဆင်းရဲချမ်းသာမရွေး သတိပြု ဆောင်ရွက်ကျင့်သုံး ကြရမည် ဖြစ်ပေသည်။
ကျမ်းကိုး
၁။ မြစေတီကျောက်စာ (ဆရာဇော်ဂျီ)
၂။ မှန်နန်းမဟာ ရာဇ၀င်တော်ကြီး (ပထမအုပ်)
Post a Comment