Created on Wednesday, 27 November 2013 00:55
ပြည်ပပို့ကုန် တင်ပို့မှု အခြေအနေ၊ ပြည်တွင်းထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် စီးပွားရေး လုပ်ငန်းများ ရင်ဆိုင်နေရသည့် အခက်အခဲ ပါဝင်သော မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းများဆိုင်ရာ စစ်တမ်းကောက်ယူမှုအား ကမ္ဘာ့ဘဏ် အုပ်စုက စတင်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ အဆိုပါ စစ်တမ်းအား ဗြိတိန်နိုင်ငံ၏ နိုင်ငံတကာ ဖွံ့ဖြိုးရေး ရန်ပုံငွေအဖွဲ့ UK Aid ဖြင့် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်းနှင့် ယင်းစီမံကိန်းမှာ ကမ္ဘာ့ဘဏ်မှ ဆောင်ရွက်နေသော မြန်မာနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှု အခြေအနေ လေ့လာဆန်းစစ်ချက် (Investment Climate Assessment) စီမံကိန်း၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။
ယခု စစ်တမ်းတွင် မြန်မာနိုင်ငံရှိ ကုန်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများနှင့် ၀န်ဆောင်မှု လုပ်ငန်းဖြစ်သည့် နိုင်ငံသားပိုင်နှင့် နိုင်ငံခြားသားပိုင် လုပ်ငန်းများ အပါအ၀င် လုပ်ငန်းအရွယ်အစား အကြီးအသေး စုစုပေါင်း ၁၄၀၀ ကျော်အား လေ့လာသွားမည်ဖြစ်ကြောင်း၊ ရင်းနှီးမြုပ်နှံမှု၊ ကုန်ထုတ်လုပ်မှု၊ စီးပွားရေး တိုးတက်မှုများအတွက် တွန်းအားဖြစ်မည်ဟု မျှော်လင့်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ကြေညာလိုက်သည်။
ကမ္ဘာ့ဘဏ် အနေဖြင့် အရှေ့အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများ အပါအ၀င် နိုင်ငံပေါင်း ၁၂၀ ကျော်တွင် အလားတူ စစ်တမ်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ စစ်တမ်းတွင် ဥပမာအားဖြင့် ငွေရေးကြေးရေး အရင်းအနှီး ရရှိနိုင်မှု၊ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေရှိနိုင်မှုနှင့် စီးပွားရေးဆိုင်ရာ စည်းမျဉ်းဥပဒေများ ပါဝင်ကြောင်း သိရသည်။
အဆိုပါ စစ်တမ်းနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ တောင်ကြီးနှင့် ပဲခူးမြို့များတွင် စစ်တမ်းစတင် ကောက်ယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ စစ်တမ်း၏ ကနဦးရလဒ်ကို ၂၁၁၄ ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်ရန် စီစဉ်ထားကြောင်း၊ စစ်တမ်းကောက်ယူရာတွင် ပါဝင်ဖြေဆိုသော စီးပွားရေး လုပ်ငန်းများကို အကာအကွယ်ပေးနိုင်ရန် လုပ်ငန်းတစ်ခုချင်းစီ၏ အချက်အလက်များကို ဖော်ထုတ်ခြင်း မပြုဘဲ လျှို့ဝှက်အဖြစ် ထိန်းသိမ်းထားမည်ဟု ကမ္ဘာ့ဘဏ်မှ ကတိပြုထားကြောင်း သတင်းရရှိသည်။
အေးချမ်းမွန် Credit To >Eleven Media Group
Post a Comment