0


ပြုပြင်ပြောင်းလဲရေး တာစထွက်ကတည်းက Good Governance & Clean Government ဆိုသော ဂီယာဖြင့်သွားခဲ့ရာ ခရီးပေါက်သင့်သလောက် ပေါက်သော်လည်း ကြုံရသမျှ တစ်ခုပြီးတစ်ခုသော စိန်ခေါ်ချက်များ၊ အရေးကိစ္စ များကို ဖြေရှင်းရန်မှာ ထိုဂီယာနှင့် မနိုင်ကြောင်း ထင်ရှားလာသည်။ “ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရ” ဟူသော ဂီယာမှ တိုးတက်ရှင်သန်သော အုပ်ချုပ်ရေးဟူသည့် ဂီယာသို့ အမြန်ပြောင်းမှ ဖြစ်တော့မည်။

Dynamic ဆိုသည့်အတိုင်း တိုးတက် ရှင်သန်နေသော အုပ်ချုပ်ရေး ဆိုသည်မှာ ပြောင်းလဲဖြစ်ပေါ် လာနေသော အခြေအနေ အရပ်ရပ်နှင့် စိန်ခေါ်မှုအဖုံဖုံ တို့ကို အချိန်နှင့် တစ်ပြေးညီ ထိရောက်စွာ တန်ပြန် ဖြေရှင်းပေးနိုင်သော ကောင်းမွန်သော အုပ်ချုပ်ရေးဟု အဓိပ္ပာယ် ဖွင့်ရပေလိမ့်မည်။ အဆိုပါ အုပ်ချုပ်ရေးဆိုင်ရာ အယူအဆသည် ကောင်းမွန်သောအုပ်ချုပ်ရေးဖြင့် အခြေကျပြီးသော ဖွံ့ဖြိုးပြီးနိုင်ငံ များက ပြည်တွင်းပြည်ပ ဖြစ်လာနိုင်သည့် ကမ္ဘာလုံးချီ စိန်ခေါ်ချက်များကို တင်ကူး သုံးသပ်ကာ ကိုယ်စီ အုပ်ချုပ်ရေးစနစ် များကို ပိုမိုကောင်းမွန် ထိရောက်အောင် အသင့်ပြင်ဆင် နေကြရင်း မကြာသေးမီကမှ ဖွံ့ဖြိုးလာသော အယူအဆ ဖြစ်သည်။

ပြောင်းလဲပေါ်ပေါက် လာနေသော နိုင်ငံ့အရေး ကမ္ဘာ့အရေး ကိစ္စများကို အထိရောက်ဆုံး အမြန်ဆုံး ဖြေရှင်းပြေလည်စေရန် ကြိုးစားရာတွင် ကောင်းမွန်သော အုပ်ချုပ်ရေး ဟူသည့် အခြေခံအုတ်မြစ် အပေါ်တွင် လုပ်ရိုးလုပ်စဉ်ထက် ထူးကဲသော ဖန်တီးတီထွင်မှု၊ ထိုးထွင်းကြံဆ နိုင်စွမ်း၊ စွန့်ဦးတီထွင်သည့် စိတ်ဓာတ် တို့ဖြင့် အားသစ်လောင်းရသည်။ ကောင်းကျိုးထိရောက်မှု ကိုသာ ဦးစားပေးခြင်း၊ အာဏာခွဲဝေမှု ဆိုင်ရာ ဖိအားတို့ကို မျှတ လျော့ကျစေခြင်း၊ မြန်ဆန်ထက်မြက်သော မူဝါဒ ဆုံးဖြတ်ချက်တို့ကို ဖော်ဆောင်နိုင်ခြင်း၊ လူတိုင်းပါဝင်မှု၊ သန္နိဋ္ဌာန် ခိုင်မာမှုနှင့် ကိုယ့်ကြမ္မာ ကိုယ်ပိုင်စိုးမှုတို့ကို သေချာစေသည့် အုပ်ချုပ်ရေးပုံစံဟု ဆိုရမည်။

ယနေ့ မြန်မာနိုင်ငံသည် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးအစချီ အရေးကိစ္စ မျိုးစုံကို မနိုင်ဝန် ထမ်းကာ ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီ တောင်မတ်မတ်ကို တက်နေရ သည်နှင့် အလားသဏ္ဌာန် တူသည်။ သည်ကြားထဲတွင် နိုင်ငံတကာ ဆက်ဆံရေး၊ ကမ္ဘာ့နိုင်ငံရေး၊ ဒေသတွင်းပူးပေါင်းမှု အစရှိသည့် မလုပ်မဖြစ် အရေးမျိုးစုံက မိုးသည်းလေထန် ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးပေး နေသေးသည်။ ရင်ဆိုင်နေရ သမျှသည် မလွန်ဆန်နိုင်သည့် သဘာဝတရားနှင့် ပမာတူသည်။ ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ ထိုသဘာဝတရား နှင့်အတူ တိုးတက်ရှင်သန်ရန် ဖြစ်သည်။

အများနှင့်မတူ ပြည်တွင်းပြည်ပ ပြဿနာ အသစ်၊ အဟောင်း သောင်းခြောက်ထောင် အပြင် ကမ္ဘာလုံးချီ စိန်ခေါ်ချက် တို့ကိုလည်း အများနည်းတူ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ရန် အသာထား ကိုယ့်ကိစ္စကိုယ် ဖြေရှင်းနိုင်ရန် အတွက်ပင် သူများတစ်လှမ်း ကိုယ်နှစ်လှမ်း လှမ်းကိုလှမ်းရမည့် အခြေအနေဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံသည် စိန်ခေါ်ချက်တို့ကို လိုက်လျောညီထွေ ဖြေရှင်းနိုင်သည့် “တိုးတက်ရှင်သန်နေသော အုပ်ချုပ်ရေး” ကို ဖော်ဆောင်မှ ဖြစ်တော့မည်။

အယ်ဒီတာ (၂၁.၁၁.၂၀၁၃)

(မနက်ဖြန် နိုဝင်ဘာလ ၂၃ ရက်နေ့ ဖြန့်ချိမည့် The Voice Weekly မျက်နှာဖုံးနှင့် Editorial)

အေးချမ်းမွန် Credit To > The Voice Weekly https://www.facebook.com/excellencemedia

Post a Comment

 
Top