0


Created on Thursday, 21 November 2013 01:16

မြန်မာနိုင်ငံသည် ဘင်္ဂလား ပင်လယ်အော် ဒေသတွင် ငါးအများဆုံးဖမ်းသည့် နိုင်ငံဖြစ်ကြောင်း သိရပြီး တစ်နှစ်အတွင်း ပင်လယ်ငါးဖမ်းဆီး ထုတ်လုပ်မှု တန်ချိန်မှာ ၁ ဒသမ ၃ သန်းမှ ၁ ဒသမ ၈ သန်းအတွင်း ရှိမည်ဟု ခန့်မှန်းထားကြောင်း မြန်မာ့ပင်လယ်ပြင်၏ ငါးသယံဇာတ တည်ရှိမှုကို သုတေသန ပြုလုပ်လျှက်ရှိသည့် ငါးသုတေသန ရေယာဉ် R/V Dr Fridtjof Nansen ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် အဆိုပါ ငါးသုတေသန ရေယာဉ်သည် ရခိုင်ကမ်းရိုးတန်းတွင် ငါးသယံဇာတ တည်ရှိမှုကို သုတေသန ပြုလုပ်လျှက်ရှိကြောင်း သိရပြီး နောက်ထပ် ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် တနင်္သာရီ ကမ်းရိုးတန်းတို့တွင်လည်း ငါးသယံဇာတ တည်ရှိမှုအား သုတေသန ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာတွင် ၎င်းတို့ပိုင်ဆိုင်သည့် ပင်လယ်ပြင်၌ ငါးပုစွန် သယံဇာတများကို အပြည့်အ၀ ဖမ်းဆီးသည့်အပြင် နှစ်စဉ်အများဆုံး ဖမ်းဆီးသင့်သည့် တန်ချိန်MSY (Maximum Sustainable Yield)ထက် ကျော်လွန်ကာ ဖမ်းဆီးနေကြကြောင်း သိရပြီး လက်ရှိတွင် ပင်လယ်ပြင်၌ ကျန်ရှိသည့် ငါးပုစွန် သယံဇာတများကို အကျိုးကျေးဇူးအများဆုံး ရရှိရန်အတွက် ယုံကြည်စိတ်ချရသည့် ငါးထုထည်ပဏာမ ခန့်မှန်းချက်နှင့် ငါးပုစွန် မျိုးမပြုန်းတီးစေရန်အတွက် တင်းကျပ်ပြီး စည်းစနစ်ကျသည့် စီမံခန့်ခွဲမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ငါးသုတေသနရေယာဉ် R/V Dr Fridtjof Nansen ၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ငါးဖမ်းဆီးနေတဲ့ မြန်မာ့ပင်လယ်ပြင် အခြေအနေမှာ ငါးအထိအမိတွေက နည်းလာတယ်။ ပြီးတော့ ဖမ်းဆီးရမိတဲ့ ငါးအရွယ်အစားတွေက သေးလာတယ်။ ပြည်ပဈေးကွက်ကို တင်ပို့တဲ့အခါမှာ ငါးပုစွန် အရွယ်အစားကသေးတော့ ဈေးကွက်ကို တင်ပို့နိုင်မှုက နည်းလာတယ်။ ဒီပင်လယ်ပြင်မှာရှိတဲ့ ငါးပုစွန် သယံဇာတတွေကို တာဝန်သိစိတ် ရှိရှိနဲ့ မဖမ်းဆီးဘဲ ငါးရဖို့သာ အဓိကအဖြစ်နဲ့ ဖမ်းနေကြတော့ သယံဇာတတွေက မလိုအပ်ဘဲ ပျက်စီးနေတာတွေ ရှိပါတယ်"ဟု ပင်လယ် ငါးဖမ်းလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ငါးသုတေသနရေယာဉ် R/V Dr Fridtjof Nansen သည် မြန်မာ့ပင်လယ်ပြင်တွင် ယခုနှစ် နိုဝင်ဘာ ၁၃ ရက်မှစပြီး ငါးသယံဇာတ တည်ရှိမှုအား သုတေသန ပြုလုပ်လျှက်ရှိပြီး ဒီဇင်ဘာ ၁၉ ရက်အထိ သုတေသနပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

သံတွဲခရိုင်အတွင်းရှိ ငါးဖမ်းစက်လှေများကို အောက်တိုဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

အေးချမ်းမွန် Credit To > Eleven Media Grouphttps://www.facebook.com/excellencemedia

Post a Comment

 
Top