Created on Thursday, 21 November 2013 00:29
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကြာညိုပြင် ကျေးရွာ၌ နိုဝင်ဘာ ၁၈ ရက် ည ၈ နာရီခန့်က ခြောက်နှစ်အရွယ် အမျိုးသမီး ကလေးငယ်တစ်ဦး ပျောက်ဆုံးခဲ့ပြီး နောက်တစ်နေ့နံနက်တွင် အလောင်းအား ရွာပြင် စပါးခင်း၌ တွေ့ရှိခဲ့ရာ အဆိုပါကလေးငယ်၏ မိခင်ဖြစ်သူ ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ရှိ ဟိုတယ်တစ်ခုတွင် အလုပ်လုပ်နေသော ဒေါ်မိုးမိုးစံသည် မြန်မာနိုင်ငံသို့ အမြန်ပြန် လာခဲ့ကြောင်း သိရသည်။
ဒေါ်မိုးမိုးစံသည် နိုဝင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီခွဲအချိန်တွင် သူမ၏သမီး သေဆုံးကြောင်းသိရသဖြင့် ကော့သောင်း လေဆိပ်မှတစ်ဆင့် ကျောက်တော်မြို့နယ်၊ ကြာညိုပြင်ရွာသို့သွားရန် နိုဝင်ဘာ ၂၀ ရက် မွန်းလွဲ ၃ နာရီ ၄၀ မိနစ်တွင် လေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။
ဒေါ်မိုးမိုးစံ၏ ညီမဖြစ်သူ ဒေါ်လှလှရီက "အစ်မက သူ့ရဲ့သမီးကို ကျောင်းထားဖို့ဆိုပြီး အမေတွေဆီပို့ထားတာ သိပ်မကြာသေးပါဘူး။ သမီးလေး ခြောက်လအရွယ်လောက်ကတည်းက သူ့အဖေနဲ့ သဘောထားချင်း မတိုက်ဆိုင်တော့လို့ ကလေးကို သူ့မိခင်က ထိုင်းနိုင်ငံကို ခေါ်သွားပြီး အလုပ်လုပ်ခဲ့တာပါ"ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။
"အဘိုးအဘွားတွေဆီကို ကျောင်းနေအရွယ်ရောက်လို့ ပြန်ပို့ထားတာ ခုနစ်လပဲ ရှိပါသေးတယ်။ သတင်းကြားကြားချင်း သူ့အမေနဲ့ အဆက်အသွယ်ရတာနဲ့ အမြန်ဆုံး လာခဲ့တာပါ" ဟု ဒေါ်လှလှရီက ဆက်လက် ပြောကြားသည်။
အေးချမ်းမွန် Credit To > Eleven Media Group
Post a Comment