0


Created on Wednesday, 27 November 2013 00:52 

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြမှုကြောင့် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားရသော ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ကိုမရန်ဂျော်ဂွန်းနှင့် မမေစံပယ်ဖြူတို့အား စမ်းချောင်းမြို့နယ် တရားရုံးနှင့် ဒဂုံမြို့နယ် တရားရုံးတို့က နိုဝင်ဘာ ၂၆ ရက် နံနက်က ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

ပုဒ်မ-၁၈ ဖြင့် တရားစွဲဆို ခံထားရသော ကိုမရန်ဂျော်ဂွန်းနှင့် မမေစံပယ်ဖြူတို့ကို မြို့နယ်တရားရုံး နှစ်ရုံးက နိုဝင်ဘာ ၂၆ ရက်တွင် ငွေဒဏ်တစ်သောင်း (သို့မဟုတ်) ထောင်ဒဏ်တစ်လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး ၎င်းတို့က မြို့နယ်တရားရုံး နှစ်ရုံးတွင် ငွေဒဏ်တစ်သောင်းစီ ပေးဆောင်ခဲ့ကြောင်း သိရသည်။

"အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ငြိမ်းချမ်းဖို့အတွက် ဆန္ဒဖော်ထုတ်တာကို ခွင့်ပြုချက် မရှိလို့ဆိုပြီး စမ်းချောင်းမြို့နယ် တရားရုံးနဲ့ ဒဂုံမြို့နယ် တရားရုံးတို့က ပုဒ်မ ၁၈ နဲ့ ငွေဒဏ်ချမှတ်ခဲ့တယ်။ ငွေဒဏ်ချမှတ်တာပဲ ဖြစ်စေ၊ ထောင်ဒဏ်ချမှတ်တာပဲ ဖြစ်စေ ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုတဲ့ ပြည်သူတွေကို အမိန့်ချမှတ်တယ် ဆိုကတည်းက ပြည်သူတွေရဲ့ ဆန္ဒကို အစိုးရ အနေနဲ့ လျစ်လျူရှုထားတာပဲ ဖြစ်ပါတယ်။ စစ်ပွဲတွေကြောင့် ဒုက္ခသည် စခန်းမှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကိုယ်စား၊ ကျွန်တော်တို့ အနေနဲ့ ဆန္ဒပြ တောင်းဆိုတယ်။ ကျွန်တော်တို့ရဲ့ တောင်းဆိုချက်ဟာ ဒုက္ခသည် ပြည်သူတွေရဲ့ တောင်းဆိုချက်ပါပဲ။ ခွင့်ပြုချက်တွေကိုလည်း သက်ဆိုင်ရာကို တောင်းခံခဲ့တယ်။ သက်ဆိုင်ရာက ခွင့်ပြုပေးခြင်း မရှိတဲ့အတွက် နိုင်ငံသား တစ်ယောက်ရဲ့ ရပိုင်ခွင့်အရ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်တဲ့အခါ အခုလို ပုဒ်မ ၁၈ နဲ့ တရားစွဲဆို အမိန့်ချမှတ်ခြင်း ခံရတယ်။ ဒဏ်ငွေကတော့ နှစ်ယောက်ပေါင်း လေးသောင်းဆောင်ရပါတယ်" ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ကိုမရန်ဂျော်ထွန်းက နိုဝင်ဘာ ၂၆ ရက် နံနက်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

နိုဝင်ဘာ ၂၁ ရက်က လက်ပံတောင်းတောင်ကိစ္စ မီးလောင်ဗုံး သုံးစွဲသူများအား ဖော်ထုတ်အရေးယူပေးရန် တောင်းဆိုဆန္ဒပြခဲ့သည့် ကျောင်းသားခေါင်းဆောင် ဒီငြိမ်းလင်း အပါအ၀င် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ခြောက်ဦးအား ထောင်ဒဏ်တစ်လစီ ချမှတ်ခဲ့သည်။ ထို့သို့ ချမှတ်ခဲ့သည့် စီရင်ချက်နှစ်ခုအား နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက နိုင်းယှဉ်ကာ မြန်မာနိုင်ငံ၏ တရားစီရင်ရေးနှင့် ပတ်သက်ပြီး ဝေဖန်ပြောကြားခဲ့သည်။
ငွေဒဏ်ချမှတ်တာပဲ ဖြစ်စေ၊ ထောင်ဒဏ်ချမှတ်တာပဲ ဖြစ်စေ ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုတဲ့ ပြည်သူတွေကို အမိန့်ချမှတ်တယ် ဆိုကတည်းက ပြည်သူတွေရဲ့ ဆန္ဒကို အစိုးရ အနေနဲ့ လျစ်လျူရှုထားတာပဲ ဖြစ်ပါတယ် . . . . .

နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးမြင့်အောင်က "ဥပဒေအရဆိုရင် စွပ်စွဲတဲ့ အကြောင်းအရာက ခွင့်ပြုချက် မယူဘဲ ဆန္ဒဖော်ထုတ် တာကြောင့်ပါ။ အဲဒီလို ပုဒ်မအတူတူပဲ စွဲဆိုထားတဲ့ ပြစ်ဒဏ်က တရားရုံး တစ်ခုကနေ တစ်မျိုးချတယ်။ နောက်တရားရုံး တစ်ခုကနေ တစ်မျိုးချတယ်ဆိုရင် တရားစီရင်ရေးမှာ ကွဲပြားတဲ့သဘော ရှိနေတယ်။ လူပုဂ္ဂိုလ်ကို လိုက်ပြီး ပြစ်ဒဏ်ချမှတ်တဲ့ပုံ ဖြစ်နေတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကို တရားမျှတမှု ရှိ၊ မရှိ သံသယ ဖြစ်လာနိုင်တယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကို ပြည်သူတွေ သံသယ ဖြစ်လာနိုင်တယ်" ဟု ဝေဖန်ပြောကြားလိုက်ပြီး AAPP အဖွဲ့ဝင် ကိုအောင်မျိုးကျော် ကတော့ အစိုးရ အနေနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အရေးပေး လုပ်ဆောင်နေစဉ် ဖြစ်သောကြောင့် ကချင်ငြိမ်းချမ်းရေးအတွက် ဆန္ဒဖော်ထုတ်သူများကို ပေါ့လျော့သော ပြစ်ဒဏ်များ ပေးခဲ့ခြင်းဖြစ်ပြီး ဒီငြိမ်းလင်း အပါအ၀င် ခြောက်ဦးအား ထောင်ဒဏ်ချမှတ် ခဲ့ခြင်းမှာ လက်ပံတောင်းတောင်နှင့် သက်ဆိုင်သည့် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သောကြောင့် အစိုးရ အနေနှင့် တရုတ်ကုမ္ပဏီ အကျိုးစီးပွားအတွက် ကာကွယ်လိုခြင်းကြောင့်ဟု ယူဆကြောင်း ပြောကြားလိုက်ပြီး မြန်မာ့တရား စီရင်ရေးနှင့် သက်ဆိုင်သည့် မမျှတမှုများ၊ လာဘ်ပေးလာဘ်ယူ မှုများမှာ အမည်ဆိုးဖြင့် ကျော်ကြားလှသော်လည်း အစိုးရ အနေနှင့် ယခုအချိန်အထိ ထိန်းချုပ်နိုင်မှု မရှိသေးကြောင်း ပြောကြားလိုက်သည်။

ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့မှ ကိုမရန်ဂျော်ဂွန်းနှင့် မမေစံပယ်ဖြူတို့သည် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၁ ရက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းစွာ စုဝေးဆန္ဒ ပြခဲ့ခြင်းကြောင့် စမ်းချောင်းမြို့နယ် တရားရုံး၊ တာမွေမြို့နယ် တရားရုံး၊ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံး၊ ပုဇွန်တောင်မြို့နယ် တရားရုံး၊ ဒဂုံမြို့နယ် တရားရုံးတို့တွင်လည်း ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားရကြောင်း သိရသည်။

ယခုလအတွင်း လက်ပံတောင်းတောင် သပိတ်စခန်း အင်အားသုံး ဖြိုခွင်းမှုအပေါ် ဆန္ဒပြခဲ့သူ ခြောက်ဦးကို မြို့နယ်တရားရုံး သုံးရုံးမှ ပုဒ်မ ၁၈ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်လ ချခဲ့ပြီး အဆိုပါ ပုဒ်မ ၁၈ ပြင်ဆင်ရန်အတွက် နိုင်ငံရေး လှုပ်ရှားသူများ၊ ဥပဒေရေးရာ ကျွမ်းကျင်သူများနှင့် အရပ်ဘက် လူ့အဖွဲ့ စည်းများက အစိုးရကို တောင်းဆိုလျက် ရှိသကဲ့သို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုကလည်း အခြေခံ ဥပဒေနှင့် ဆန့်ကျင်နေသည့် ပုဒ်မ ၁၈ အား ပြန်လည်သုံးသပ်ရန် တင်ပြခဲ့မှုအပေါ် လွှတ်တော်မှ ပြန်လည်သုံးသပ်မည်ဟု ပြောဆိုနေချိန်တွင် လက်ပံတောင်းအရေး ဆန္ဒပြသူများအား ယခုလို ထောင်ဒဏ်သတ်မှတ် ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group

Post a Comment

 
Top