0


Created on Saturday, 30 November 2013 00:57

သီလ၀ါဆိပ်ကမ်း၌ ဂျပန်နိုင်ငံမှ အိုဒီအေချေးငွေဖြင့် အထွေထွေ ကုန်တင်ဆိပ်ခံ တံတားနှစ်စင်းအား ထပ်မံတည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

"သီလ၀ါဆိပ်ကမ်းမှာ ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုနဲ့ ဂျပန်အိုဒီအေချေးငွေရယူပြီး အထွေထွေ ကုန်တင်ဆိပ်ခံတံတား နှစ်စင်းကို ထပ်မံတည်ဆောက်သွားမှာပါ" ဟု ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးဟံစိန်က ပြောကြားသည်။

ဂျပန်နိုင်ငံမှ အိုဒီအေချေးငွေဖြင့် တည်ဆောက်မည့် သီလ၀ါဆိပ်ကမ်း တိုးချဲ့တည်ဆောက်ရေး လုပ်ငန်းများအား ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်မည် ဖြစ်သည်။ လက်ရှိတွင် သီလ၀ါဆိပ်ကမ်း၌ အထွေထွေကုန်စည် ကိုင်တွယ်နိုင်သော ဆိပ်ကမ်းအနေဖြင့် MITT နှင့် MIPL ဆိပ်ကမ်းနှစ်ခုသာရှိပြီး၊ အထွေထွေ ကုန်စည်တင် ဆိပ်ခံတံတားတစ်စင်းမှာ တည်ဆောက်ဆဲဖြစ်ကြောင်း သိရသည်။

သီလ၀ါဆိပ်ကမ်း တိုးချဲ့တည်ဆောက်ရန် ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် ဂျပန်နိုင်ငံမှ အိုဒီအေချေးငွေ အမေရိကန်ဒေါ်လာ ၂၀၅ သန်းအား ရရှိထားကြောင်း သိရသည်။

လက်ရှိတွင် ဆိပ်ကမ်းတိုးချဲ့ တည်ဆောက်ရန်အတွက် အတိုင်ပင်ခံ ကျွမ်းကျင်ပညာရှင်များ ငှားရမ်းခြင်း၊ တည်ဆောက်မည့် ကုမ္ပဏီများအား တင်ဒါခေါ်ယူခြင်း၊ ဆိပ်ကမ်းနောက်ခံ မြေကွက်များပေါ်တွင် တည်ဆောက်မည့် မြေပြင်အဆောက်အအုံများအတွက် လိုအပ်မည့် အုပ်ချုပ်မှု ကိစ္စများအား ဆောင်ရွက်နေကြောင်း သိရသည်။

"ဂျပန်အိုဒီအေ ချေးငွေနဲ့ သီလ၀ါမှာ ဆိပ်ကမ်း တိုးချဲ့တည်ဆောက်မှုကို ၂၀၁၄ နှစ်ဆန်းပိုင်းမှ စဆောက်မယ်။ တည်ဆောက်ရေးကာလ တစ်နှစ်ပြည့်ပြီးတဲ့၂၀၁၅ ခုနှစ်မှာ ဆိပ်ကမ်းတည်ဆောက်မှု ပထမအဆင့်ဖြစ်တဲ့ မျက်နှာစာ အလျား မီတာ ၄၀၀ ရှိတဲ့ ဆိပ်ခံတံတား တစ်စင်းအပြီး ဆောက်မယ်။ နောက်ခံမြေကွက်တွေမှာ Land Facilities စတင်တည်ဆောက်နိုင်အောင် လုပ်နေပါတယ်" ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က ပြောကြားခဲ့သည်။

သီလ၀ါဒေသတွင် ဆိပ်ကမ်းများ တည်ဆောက်ရန် မြေကွက်တစ်ကွက်လျှင် မျက်နှာစာ အလျား မီတာ၂၀၀၊ ကုန်းတွင်းဘက်သို့ ကီလိုမီတာ ၇၅၀(အကျယ် ၃၇ ဒသမ ၀၆ ဧက)ရှိ မြေကွက် ၃၇ကွက်ကို တိုးချဲ့ဖော်ထုတ်ခဲ့သည်။ ယင်းမြေကွက် ၃၇ကွက်အနက်မှ မြေကွက် ၂၇ ကွက်တွင် ကုမ္ပဏီအသီးသီးမှ ဆိပ်ကမ်းများ တည်ဆောက်ထားပြီး၊ မြေကွက် ၁၀ ကွက်မှာ နေရာလွတ် ကျန်ရှိနေသည်။ အဆိုပါမြေကွက် ၁၀ ကွက်အနက်မှ မြေကွက် ငါးကွက်အား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဂျပန်အိုဒီအေ ချေးငွေဖြင့် ဆိပ်ကမ်း တည်ဆောက်မည် ဖြစ်သည်။

ယခုချိန်တွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် သီလ၀ါဆိပ်ကမ်း တိုးချဲ့တည်ဆောက်မှု ပထမအဆင့်အတွက် သီလ၀ါဒေသရှိ မြေကွက် အမှတ် ၂၅၊ ၂၆ နှင့် ၃၀ ရှိ လယ်ယာမြေများအား မြေယာထောက်ပံ့ကြေးပေးရန် ဒေသခံများနှင့် ညှိနှိုင်းနေကြောင်း သိရသည်။

အထွေထွေ ကုန်စည်ကိုင်တွယ်နိုင်သည့် ဆိပ်ကမ်းတစ်ခုဖြစ်သည့် MITT ဆိပ်ကမ်းအား တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)

အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top