Created on Tuesday, 26 November 2013 18:03
ဆောင်းခို ကြိုးကြာငှက် (Common Crane) များသည် မြန်မာနိုင်ငံသို့ မိုးရာသီ အကုန်တွင် စတင်ဝင်ရောက်လေ့ရှိပြီး အလယ်ပိုင်း ဒေသများဖြစ်သော မုံရွာ၊ ချောင်းဦးနှင့် စစ်ကိုင်းဒေသများ၌ အများဆုံး တွေ့ရှိရကာ မန္တလေး အနီးဝန်းကျင်ရှိ တံတားဦးမြို့နယ် စကားအင်းရွာ သီးနှံစိုက်ခင်း များတွင်ပါ တွေ့ရှိရကြောင်း သိရသည်။
"ဆောင်းခို ကြိုးကြာငှက်တွေက အသီးအနှံနဲ့ အစေ့စားတဲ့ငှက်တွေ ဖြစ်တဲ့အတွက် သီးနှံစိုက်ခင်းရှိတဲ့ ဒေသတွေမှာ တွေ့ရတယ်။ နှစ်စဉ်မှာတော့ မုံရွာ၊ ချောင်းဦးနဲ့ စစ်ကိုင်းကောင်းမှုတော် မြောက်ဘက်မှာရှိတဲ့ ရေမျက်ကြီးအင်း ဒေသတွေက ဂျုံနဲ့ကုလားပဲ စိုက်ခင်းတွေ အများအပြား တွေ့ရတယ်။ အောက်ပိုင်းဒေသတွေနဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ စိုက်ခင်းတွေမှာလည်း ကျက်စားနိုင်ပေမဲ့ လေ့လာမှုတွေ မရှိသေးတဲ့အတွက် အတိအကျ မသိရသေးပါဘူး" ဟု မြန်မာနိုင်ငံ ငှက်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းမှ ဒုဥက္ကဌ ဦးဇေမောင်သိန်းက ပြောကြားသည်။
တံတားဦးမြို့နယ် စကားအင်းကျေးရွာ စိုက်ခင်းတွင် ဆောင်းခိုကြိုးကြာ အကောင် ၂၀၀ ခန့် တွေ့ရှိခဲ့ရကြောင်း၊ နှစ်စဉ်လာရောက်နေကျ ဒေသများတွင်လည်း တွေ့ရှိရပြီး လက်ရှိတွင် မြန်မာနိုင်ငံ၌ ပူတာအိုမှ အလယ်ပိုင်း ဒေသအတွင်း ကျက်စားမှုများရှိပြီး ကျန်ဒေသများတွင် ကျက်စားမှု ရှိခြင်းများအား မသိရှိ ရသေးကြောင်း သိရသည်။
ယင်းကြိုးကြာ ငှက်များသည် နွေရာသီ၌ အာတိတ်နှင့် သမပိုင်းဇုန် အစပ်များတွင် နေထိုင်သားပေါက်ပြီး မြန်မာနိုင်ငံသို့ အောက်တိုဘာလ နောက်ဆုံးအပတ်တွင် ရောက်ရှိလေ့ရှိကာ မတ်လအလယ်အထိ နေထိုင်ကျက်စားလေ့ရှိကြောင်း သိရသည်။
စစ်ကိုင်းရေမျက်ကြီးအင်းတွင် ရောက်ရှိနေသော ဆောင်းခိုကြိုးကြာများအား နိုဝင်ဘာလ ၂၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဦးဇေမောင်သိန်း)
အေးချမ်းမွန် Credit To >Eleven Media Group

Post a Comment