0


နိုဝင်ဘာ ၁၀။

အနောက်တိုင်း ပေါ့ပ်ဂီတ အသိုင်းအ၀န်းတွင် ညစ်ညမ်းသော စာသားများနှင့် ရမ္မက်သွေးကြွစေသည့် ကကွက်များ တင်ဆက်မှု များပြားလာရာ ကလေးများသည် ယင်းသီချင်းများနှင့် နိုက်ကလပ်မယ်စတိုင် ကကွက်များ အတုခိုး ဆိုက ရသည်ကို နှစ်သက်ကြောင်း စစ်တမ်းများက ဆိုသည်။

မိဘ တစ်ရာလျှင် ရှစ်ဆယ်ရာခိုင်နှုန်းသည် သူတို့၏ ကလေးများက ညစ်ညမ်းမယ်စတိုင် အတုခိုးကာ လိုက်ကနေသည်ကို တွေ့မိတိုင်း ဟန့်တားနေရ ကြောင်း ဖွင့်ဟခဲ့သည်။

လွန်ခဲ့သော သုံးလခန့်က အမေရိကန်မှ နိုင်ငံအချစ်တော် အဆိုတော် မိုင်လီဆိုင်းရက်စ်၏ We Can’t Stop သီချင်းနှင့် ခါးကိုင်းကာ၊ လျှာထုတ်ပြီး တင်းပါးချည်းလှုပ်ပြသည့် ကကွက်ကြောင့် သူ၏ ပြောင်းလဲသွားသော စရိုက်ဆိုးအပေါ် ဂီတလောကနှင့် ပရိတ်သတ်များကပါ အထိတ်တလန့် ဖြစ်သွားစေခဲ့သည်။

သူမသည် တစ်ချိန်က Hannah Montana ဇာတ်ကားများတွင် အဓိကသရုပ်ဆောင်အဖြစ် အောင်မြင်မှုရခဲ့စဉ်က အရှက်အကြောက်ကြီးသော ချစ်စဖွယ် မိန်းကလေးတစ်ဦးအဖြစ် ကလေးရော လူကြီးပါ ချစ်ကြသည့် မင်းသမီး လေး၊ အဆိုတော်မလေး ဖြစ်ခဲ့သည်။

ယခုအခါ ပြင်းထန်သည့် ဝေဖန်မှုများစွာ ထွက်လာသည့် မိုင်လီဆိုင်းရက်စ်မှာ နောက်ဆုံးတွင် အသွင်သစ်ဖြင့် တစ်ကျော့ပြန် ကျော်ကြားသွားရာ သူ့ရှေ့ အဖော် အချွတ်သန်သည့် ရီဟားနား၊ ခရစ်တီနာအက်ဂွာလီရာနှင့် လေဒီဂါဂါတို့ကိုပင် ကျော်တက်သွားခဲ့သည်။

ယခုအခါ မိဘ ၁၃ဦးလျှင် တစ်အိမ်ထောင်က မိုင်လီ၏ လျှာထုတ်ပြီး ခါးလှုပ်သည့်အက အတုခိုးကနေသာ မိမိ၏ ရင်သွေး၏ အဖြစ်ကို တွေ့နေရကြောင်း၊ လေ့လာစမ်းစစ်မှုများအရ ကလေးများသည် လိင်ပိုင်းဆိုင်ရာတွင် သိလွယ်တက်လွယ်လာကြောင်း သိရသည်။

ထိုမျှမက မိဘတစ်ရာလျှင် ၄၅%သည် သူတို့၏ ကလေးများက ညစ်ညမ်းသည့် စာသား၊ အပုဒ်များကို အဓိပ္ပါယ်မသိဘဲ အထပ်ထပ် အခါခါ ကျော့ကျော့ပြီး အော်ဆိုနေရသည်ကို နှစ်သက်နေကြကြောင်း သတိပြုမိကြသည်။

စစ်တမ်းကောက်ယူမှုအရ သားယောက်ျားလေးမွေးထားသာ မိဘများအနက် သုံးပုံနှစ်ပုံခန့်က သူတို့၏ သားလေးများသည် လုပ်ယူထားသော ညစ်ညမ်းမယ်ကိုယ် ခန္ဓာပိုင်ရှင် အမျိုးသမီးများကို တမ်းတလာ တက်ကြောင်း၊ ချီးမွမ်းခန်းဖွင့်တတ်ကြောင်း ပြောပြလာကြသည်။

အကြမ်းဖက်မှုနှင့် လမ်းသရဲ ယဉ်ကျေးမှုအတွက် အမျိုးသမီးများက ခပ်မိုက်မိုက် အမျိုးသားများကို မျှော်လင့်နေကြောင်း ကလေးများ၏ အမြင်တွင် သံမှိုစွဲသလိုဖြစ်နေပြီဟု လေးပုံတစ်ပုံသော အုပ်ထိန်းသူများက သုံးသပ်ထားသည်။

ပိုဆိုးသည်က မိုင်လီဆိုင်းရပ်၏ မူမမှန်သော အောင်မြင်မှုကြောင့် အခြားအဆိုတော်များကလည်း သူ့ထက်ကဲ ဖြစ်လာကြ၏။ လွန်ခဲ့သောလက လေဒီဂါဂါသည် The X Factor ကကြိုးကို အောက်ခံဘောင်းဘီနှင့် တင်ဆက်ခဲ့ရာ မကျေမနပ် ပြောဆိုသံညံခဲ့ပြီး ITV က မိသားစုကြည့်ရန် မသင့်တော်သော တင်ဆက်မှုဟု ဝေဖန်ခဲ့သည်။

ယခုစစ်တမ်းများသည် Netmums အမည်ရှိ အွန်လိုင်းလေ့လာ စမ်းစစ်ချက်မှ ထွက်လာသော ရလာဒ်များ ဖြစ်သည်။ Netmuns တွင် အသက် ၁၆အောက် ရင်သွေးများကို အုပ်ထိန်းနေရသည့် မိဘပေါင်း ၁၅၀၀ ကျော်က ယခုလိင်အသားပေး ဂီတများ၏ ပြဿနာ အတွက် ပူးပေါင်းကူညီခဲ့ကြသည်။

Netmums ကိုတည်ထောင်သူ ဆီအိုဘန်ဖရီးဂါဒ့်က မျက်မှောက်ခေတ် မိဘများသည် လိင်ကိစ္စတွင် အရှက်အကြောက် ရှိသူများ မဟုတ်ကြောင်း၊ သူတို့ကိုယ်တိုင် လိင်မှုဆိုင်ရာ ဈေးကွက်များကို သိသော်လည်း ယခုအခါ ယင်းကိစ္စများကို သားသမီးများ၏ အဝေးတွင် ရှိနေစေချင်ကြသည်ဟု ဆိုသည်။

တစ်ချိန်က ကလေးများကို ကျန်းမာရေးနှင့် လူမှုရေးသိပ္ပံရှုထောင့်မှ လိင်ပညာပေး အစီအစဉ်များကို ကမ္ဘာအနှံ့တွင် အကျိုးရှိသော လုပ်ရပ်အဖြစ် လုပ်ကိုင်ခဲ့ကြသော်လည်း ယခုအခါ လိင်နှင့်အကြမ်းဖက်မှု အလေ့အထများ ထိတွေ့ယဉ်ပါးမှု များလာပြီး ကလေးငယ်များ၏ အနာဂတ်ကို အညွန့်ချိုးနေသလို ဖြစ်လာခဲ့သည်။

ထို့အတွက် မိဘများက အနုပညာရှင် တစ်ဦးသည် ကျော်ကြားမှုကို လိုချင်လျှင် ဦးနှောက်ကိုသာ အသုံးချပါ၊ ခန္ဓာကိုယ်ကို အသုံးမချပါနှင့်ဟု အွန်လိုင်းမှတစ်ဆင့် ၀ိုင်းဝန်းတိုက်တွန်း ထားကြသည်။

Ref: Daily Mail

အေးချမ်းမွန် Credit To > The Myanma Age https://www.facebook.com/excellencemedia

Post a Comment

 
Top