0


ရန်ကုန်၊ နိုဝင်ဘာ ၂၀

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ရေးဆွဲထားသော မသန်စွမ်းသူများ၏ အခွင့်အရေးများ ဥပဒေ နောက်ဆုံးအဆင့် မူကြမ်းကို နိုဝင်ဘာ လဆန်းပိုင်းတွင် အပြီးသတ် ရေးဆွဲထားပြီး ဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က The Voice သို့ ပြောကြားသည်။

ရေးဆွဲထားပြီးသော နောက်ဆုံးအဆင့် မူကြမ်းကို ရှေ့နေချုပ်ရုံးသို့ တင်သွင်းသွားမည် ဖြစ်ပြီး လာမည့် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် အစိုးရအဖွဲ့မှ တစ်ဆင့် လွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

အဆိုပါ ဥပဒေ စတင်ရေးဆွဲ ကတည်းက လူမှုဝန်ထမ်း ဦးစီးဌာနနှင့် မသန်စွမ်း အဖွဲ့အစည်းများကြား သဘောထား ကွဲလွဲမှုများ ရှိခဲ့သောကြောင့် သီးသန့် ဥပဒေ ရေးဆွဲကြရန် လျာထားသော်လည်း လက်ရှိ အချိန်တွင် လူမှုဝန်ထမ်း ဦးစီးဌာန၏ မသန်စွမ်း ဥပဒေကိုသာ လက်ခံပြီး နောက်ဆုံးအဆင့် မူကြမ်းကို ပါဝင် ဆွေးနွေးခဲ့ကြကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ တာဝန်ခံ ဦးနေလင်းစိုးက The Voice သို့ ပြောကြားသည်။

ဝန်ကြီးဌာနက ရေးဆွဲခဲ့သော ဥပဒေတွင် မသန်စွမ်းသူများအတွက် အလုပ်အကိုင်နှင့် အခွန်ကင်းလွတ်ခွင့်များ၊ မသန်စွမ်းမှု ပြင်းထန် သူများကို ထောက်ပံ့ကြေး ပေးခြင်းနှင့် မသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာ အမျိုးသား ကော်မတီတွင် နိုင်ငံတော် ဒုတိယသမ္မတကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ရေးတို့ ပါဝင်ကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

“ဝေပုံကျ အချိုးအစားအတိုင်း မသန်စွမ်းသူတွေကို အလုပ်မခန့်တဲ့ အဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီတွေကို ငွေဒဏ်နဲ့ ထောင်ဒဏ်တွေ ပါတယ်။ ခန့်ပေးတဲ့ အဖွဲ့အစည်းတွေကို အခွန်တွေ သက်သာလျှော့ပေါ့ ပေးဖို့နဲ့ အစိုးရကနေ ပိုအသိအမှတ် ပြုဖို့လည်း ပါတယ်” ဟု ဦးနေလင်းစိုးက ပြောကြားသည်။

မသန်စွမ်းသူများ၏ အခွင့်အရေးများ ဥပဒေကို ၂၀၁၁ ခုနှစ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက စတင်ရေးဆွဲခဲ့သည်။

အေးချမ်းမွန် Credit To >The Voice Weekly https://www.facebook.com/excellencemedia

Post a Comment

 
Top