0
ရေးသားသူ- ထွန်းခိုင်၊ မိုးညို

တိုကျို၊ ဟောင်ကောင်၊ စင်ကာပူ အစရှိသည့် အာရှထိပ်တန်းစီးပွားရေးမြို့တော်များထက်မြေဈေးကြီးသည်ဟု နိုင်ငံတကာစီးပွားရေးသမားများ ညည်းညူလေ့ရှိသည့် ရန်ကုန်မြို့တော်တွင် ဈေးချိုချိုနှင့်ရနိုင်သည့် မြေနေရာများ ရှိပါသည်။

မြန်မာနိုင်ငံ၏မြို့တော်အဖြစ်မှ အဆင့်လျော့ကျခဲ့သော်လည်း စီးပွားရေးမြို့တော်အဖြစ် ဆက်လက်ရှိနေသည့် ရန်ကုန်၏အချက်အချာနေရာများကို အမှန်တကယ်ပေါက်ဈေးထက် အဆတစ်ရာခန့် လျော့နည်းသည့်ဈေးဖြင့်ရနိုင်သော နည်းလမ်းအချို့လည်းရှိသည်။

သို့သော် ထိုအခွင့်အရေးကို လူတိုင်းအတွက်တော့မဟုတ်ပါ။

စစ်အစိုးရခေါင်းဆောင်များက ၎င်းတို့အရပ်ဝတ်မလဲမီ လပိုင်းအချိန်အထိ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ခေါင်းစဉ်အောက်တွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းအချို့ကို ၎င်းတို့နှင့်နီးစပ်သူများ၊ ၎င်းတို့ကိုယ်တိုင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည့် လုပ်ငန်းများထံသို့ ဈေးချိုချိုနှင့် လွှဲပြောင်းပေးခဲ့သည်။

စစ်အစိုးရ၏ ဆယ်စုနှစ်နှစ်ခုကျော်ကြာကာလတွင်မြန်မာ့စီးပွားရေးဦးပိုင်လိမီတက်သည် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ခေါင်းစဉ်အောက်တွင် အစိုးရ၏မျက်နှာသာပေးမှုများ ထပ်မံရရှိခဲ့ပြန်သည်။

၂၀၁၁ ခုနှစ်အတွင်းက လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနောက်ရှိ အမှတ်(၁၁)၊ သကြားစက်(အင်ငါးခွ)ကို ဦးပိုင်သို့ အပြီးပြတ်ရောင်းချရာတွင် စက်ရုံ၏မြေတန်ဖိုး ၂၅ ရာခိုင်နှုန်းကို လျော့နည်းသက်သာခွင့်ပေးရန် အစိုးရကဆုံးဖြတ်ခဲ့သည်။

ထိုမျှမကသေး ရန်ကုန်မြို့၏ အထင်ကရနေရာဖြစ်သည့် ကမ်းနားလမ်းရှိ အမှတ်(၅၃) ခြောက်ထပ်ရုံးအဆောက်အအုံကို ကျပ်ငွေ ၁၂၇၇၇ သန်းကျော်ဖြင့် ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံစီးပွားရေးဦးပိုင်လိမီတက်ကို လွှဲပြောင်းပေးခဲ့သည်။ အဆိုပါပမာဏသည် ယင်းနေရာတစ်ဝိုက်ရှိ မြေညီထပ်တိုက်ခန်း ၂၁ ခန်း ၀ယ်လျှင် ကုန်ကျမည့်ပမာဏမျှသာရှိသည်။

သည်ထက်အံ့သြဖွယ်ကောင်းသည့် ဈေးနှုန်းများနှင့် မြန်မာ့စီးပွားရေးဦးပိုင်လိမီတက်က မြေနေရာများ ရရှိခဲ့သည်များလည်း ရှိသည်။

တက္ကသိုလ်ရိပ်သာလမ်းရှိ ကျပ်သိန်းသောင်းချီတန်သည့်မြေနေရာကို ကျပ်သိန်း ၉၆၀ နီးပါးဖြင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကို စက်သုံးဆီဆိုင် ဖွင့်ခွင့်ပြုခဲ့သည်။ ယင်းဈေးနှုန်းသည် မြို့စွန်ရပ်ကွက်များရှိ အချက်အချာလမ်းမများတွင်ပင် အဆိုပါမြေအကျယ်အ၀န်းလောက်ကိုရနိုင်ရန် ခက်ခဲသည့်ဈေးနှုန်းဖြစ်သည်။

ပို့ဆောင်ရေးဝန်ကြီးဌာနပိုင် မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းကို မြန်မာ့စီးပွားရေးဦးပိုင်လိမီတက်က ၂၀၁၀ ပြည့်နှစ်က လွှဲပြောင်းရယူရာတွင်လည်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အကူအညီများပါဝင်ကြောင်း နီးစပ်သည့်အသိုင်းအ၀ိုင်းကပြောသည်။

ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ခေါင်းစဉ်အောက်တွင် စစ်ဗိုလ်ချုပ်ကြီးများက မြန်မာ့စီးပွားရေးဦးပိုင်လိမီတက်တစ်ခုတည်းကို ကွက်ကျားမိုးရွာကာ အခွင့်အရေးပိုပေးခဲ့ခြင်းတော့မဟုတ်။ သူတို့ ရင်းနှီးမြှုပ်နှံမှုပြုထားသည့်လုပ်ငန်းများ၊ သူတို့နှင့်ဖက်လှဲတကင်း နေထိုင်သူများ၏ လုပ်ငန်းများကိုပါ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးခေါင်းစဉ်အောက်တွင် ကြည့်ရှုစောင့်ရှောက်မှုများရှိခဲ့သည်။

အစိုးရနှင့်နီးစပ်သည့် လုပ်ငန်းရှင်များကို ၂၀၁၀ မတ်လတွင် အစိုးရက စက်သုံးဆီဆိုင် ၂၅၀ နီးပါး အစိုးရက သူနှင့်နီးစပ်သူများကို မယုံနိုင်စရာဈေးနှုန်းများဖြင့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ခေါင်းစဉ်အောက်တွင် လက်လွှဲပေးခဲ့သည်။

တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လိမီတက်၊ အာဏာရပါတီဖြစ်လာမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ ဦးတေဇ၏ထူးဒရေးဒင်း၊ ဦးဇော်ဇော်၏မက်စ်မြန်မာ၊ ဒေါက်တာစိုင်းဆမ်ထွန်း၏ လွယ်ဟိန်းကုမ္ပဏီ၊ ဦးအိုက်ထွန်း၏ ရွှေတောင်ကုမ္ပဏီအပါအ၀င် အစိုးရနှင့် ဆက်ဆံရေးကောင်းခဲ့သူများကို အဆိုပါစက်သုံးဆီဆိုင်များကို အဆပေါင်းများစွာ လျော့နည်းစွာဖြင့် ပေးခဲ့သည့်အတွက် ဝေဖန်ပြစ်တင်မှုများလည်းရှိခဲ့သည်။

“ဦးသန်းရွှေလက်ထက်က ဆီဆိုင် ၂၄၇ ဆိုင်ကို နှစ်ပဲခြောက်ပြားနဲ့ရောင်းစားခဲ့လို့ နိုင်ငံတော်မှာ နစ်နာခဲ့တဲ့သာဓကတွေရှိခဲ့တယ်”ဟု အစိုးရနှင့် လုပ်ငန်းရှင်များ၏ လက်သိပ်ထိုးရောင်းချသည့် ပေါ်လစီအပေါ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကဝေဖန်သည်။

အစိုးရချုပ်ကိုင်ထားသည့် လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းစေခြင်းဖြင့် နိုင်ငံစီးပွားရေး တစ်စုံတရာအထောက်အကူပြုနိုင်သည်ဆိုသည့် ပညာရှင်တချို့၏ သုံးသပ်မှုများလည်း သည်တစ်ခေါက်တွင်တော့ မှားခဲ့ရသည်။ လွန်စွာမှနည်းသည့်ဈေးဖြင့် လုပ်ကိုင်ခွင့်ရသည့် ပုဂ္ဂလိကဆီဆိုင်များထံမှ ဒေသတွင်းနိုင်ငံများထက် မလျှော့သည့်ဈေးနှုန်းဖြင့်ပင် ပြည်သူများက ၀ယ်ယူသုံးစွဲနေခဲ့ရသည်။ ပိုပိုသာသာအနေဖြင့် အချိန်အတွယ်မပြည့်မှုများကိုပင် ခံစားခဲ့ရသည်။

တက်ကြွလှုပ်ရှားသူများ၊ ၎င်းတို့လယ်ယာမြေများပြန်ရရန် ကြိုးပမ်းသည့် လယ်သမားများကို မဆိုင်းမတွတရားစွဲဆိုလေ့ရှိသည့် အစိုးရက သည်တစ်ကြိမ်တွင်တော့ ၎င်းတို့ လုပ်ပိုင်ခွင့်ချပေးထားသည့် လုပ်ငန်းရှင်များကို ထိရောက်သည့်အရေးယူမှုမပြုခဲ့ဘဲ သတိပေးသည့်အဆင့်သာ ပြုလုပ်ခဲ့သည်။

“အခုဖြစ်နေတာတွေက ယုံကြည်လို့အပ်နှံတာကို ပြည်သူဆီက အလွဲသုံးစားလုပ်နေတာနဲ့ အတူတူပဲ”ဟု ဘဏ္ဍာရေးဝန်ကြီးဌာနတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူ စီးပွားရေးပညာရှင်ဦးလှမောင်ကဝေဖန်သည်။

လွန်ခဲ့သည့်နှစ်ပေါင်းငါးဆယ်ကျော်က အာရှ၏ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာအကောင်းဆုံး အခြေအနေတွင် ရှိခဲ့သည့် မြန်မာနိုင်ငံသည် ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်သိမ်းရာမှအစပြုပြီး အာရှ၏ အဆင်းရဲဆုံးအဖြစ် ကျဆင်းလာခဲ့ရသည်။ စီးပွားရေးအောက်ကျနောက်ကျခဲ့မှုမှ ရုန်းထွက်ရန် နောက်တစ်ကြိမ် အခွင့်အရေးရနေသည့် မြန်မာနိုင်ငံအတွက် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးလုပ်ငန်းက ကိုင်တွယ်ဖြေရှင်းသူများကိုလိုက်ပြီး အကျိုးရောအပြစ်ပါ ဖြစ်လာနိုင်ကြောင်း 7Day က မေးမြန်းခဲ့သည့် စီးပွားရေးပညာရှင်များက ပြောသည်။

“ပုဂ္ဂလိကပိုင်ပြုလုပ်ရေးက လုပ်ကိုလုပ်သင့်တဲ့အရာ။ လုပ်နည်းကိုင်နည်းမှားရင်တော့ အဆင်မပြေနိုင်ဘူး။ ကိုယ့်ဘေးနားက နိုင်ငံတွေမှာ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကို အသုံးချပြီး နိုင်ငံရဲ့စီးပွားရေးကို ကမ္ဘာမှာ ထိပ်တန်းစာရင်းဝင်သွားခဲ့တယ်”ဟု ဦးလှမောင်ကပြောသည်။

ပုဂ္ဂလိကပိုင်ပြုလုပ်ရေးတွင် အစိုးရနှင့်နီးစပ်သူများကိုသာ ရွေးချယ်ပေးခြင်းသည် လုံးဝမှားယွင်းသည့် တွေးခေါ်မှုများဖြစ်ကြောင်း ၎င်းကပြောသည်။ အမှန်တကယ်လုပ်ကိုင်သည့် လုပ်ငန်းရှင်များကို ချထားပေးပြီး အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးခြင်းဖြင့် နိုင်ငံ၏စီးပွားရေးကို တိုးတက်အောင် လုပ်ဆောင်နိုင်ကြောင်း ၎င်းကအကြံပြုသည်။

နအဖအစိုးရမှ ဦးသိန်းစိန်အစိုးရသို့ အာဏာမလွှဲပြောင်းမီ ၂၀၀၈ ခုနှစ်ဝန်းကျင် အစိုးရသစ်လက်ထက်ထိ ပုဂ္ဂလိကပိုင်ပြုလုပ်မှုများ အများဆုံးပြုလုပ်ခဲ့သည့် မြေ၊ စီးပွားရေးလုပ်ငန်း၊ စက်ရုံ၊ ဆီဆိုင်မှသည် ဖမ်းဆီးထားသော လိုင်စင်မဲ့ကားများထိ ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချခဲ့သည်။ သို့သော် ဗိုလ်ချုပ်များ၊ ၀န်ကြီးများ၏မိသားစုဝင်များ၊ အာဏာရှိသူနှင့်နီးစပ်သော၊ရင်းနှီးသောလုပ်ငန်းရှင်ကြီးများသာ လုပ်ခွင့်ရကြသည်။ ထို့ကြောင့် ၎င်းတို့ချမ်းသာသည်ထက် ချမ်းသာသွားကြသည်။

ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ခေါင်းစဉ်အောက်တွင် နအဖအစိုးရသည် ပွင့်လင်းမြင်သာမှု အနည်းဆုံးဖြစ်ခဲ့ပြီး ယခုအစိုးရလက်ထက်တွင် အတော်အတန်ပွင့်လင်းလာကြောင်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေး လေလံများတွင် ၀င်ရောက်ယှဉ်ပြိုင်သည့် လုပ်ငန်းရှင်များကပြောသည်။ သို့သော်လည်း ထောက်ပြဝေဖန်စရာများက ရှိနေဆဲဖြစ်ကြောင်း ၎င်းတို့ကပြောသည်။

“တင်ဒါတောင် မကြေညာရသေးဘူး။ စီမံကိန်းဒီဇိုင်းတောင် ထွက်နေတာတွေရှိတယ်”ဟု မြင့်မိုရ်မင်းဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာဦးမြင့်မောင်ကပြောပါသည်။

နိုင်ငံရေးပွင့်လင်းလာမှုနှင့် စီးပွားရေးပိတ်ဆို့မှုများ၊ ရုတ်သိမ်းမှုများကြောင့် ကမ္ဘာအရပ်ရပ်မှ ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံသို့ အပြေးတစ်ပိုင်းရောက်ရှိလာခဲ့ပြီဖြစ်သည်။ ပြည်ပမှလာရောက်သူများရော ပြည်တွင်းရှိ လက်လုပ်လက်စားများရော လက်လှမ်းမမီသည့် မြေဈေးနှုန်းများကို အစိုးရက လျှော့ဈေးဖြင့် ချထားပေးမှုများရှိခဲ့သည်။

သို့သော်လည်း ထိုအစီအစဉ်က အားလုံးအတွက်တော့မဟုတ်ခဲ့ပါ။

အေးချမ်းမွန် Credit To >7Day News Journal

Post a Comment

 
Top