0

မော်လမြိုင်၊ နိုဝင်ဘာ ၂၂

သံဃာတော်များနှင့် ဒေသခံ မွန်လူမျိုးများ လိုလား တောင့်တနေသည့် မွန်ဒီမိုကရေစီ ပါတီ (MDP) နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) တို့ တစ်ပါတီတည်းအဖြစ် ပေါင်းစည်းရေးကို မော်လမြိုင်မြို့ ဓာတုမာလာ ကျောင်းတွင် နိုဝင်ဘာ ၂၂ ရက်နေ့က ကျင်းပသည့် နှစ်ပါတီ ပေါင်းစည်းရေး ဆွေးနွေးပွဲတွင် နှစ်ဖက် ကိုယ်စားလှယ်များက အတည်ပြု ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း ယင်းကိုယ်စားလှယ်များက ပြောကြားသည်။

တစ်ဖက်လျှင် ကိုယ်စားလှယ် ၁၅ ဦးစီ တက်ရောက်သည့် ယင်းတွေ့ဆုံဆွေးနွေးမှု အစည်းအဝေးတွင် အထက်ပါအတိုင်း ဆုံးဖြတ်ချက် ချခဲ့ကြခြင်း ဖြစ်သည်။
“ဒီကနေ့ ဆွေးနွေးပွဲကနေ ဆုံးဖြတ်ချက် ခြောက်ချက် ချမှတ်ခဲ့တယ်။ ဒါကို ရှေ့ဆက် အကောင်အထည် ဖော်သွားမယ်၊ ပြောရမယ်ဆိုရင် တစ်ပါတီတည်း ဖြစ်ဖို့ စိတ်ချလို့ရတဲ့ အနေအထားပေါ့၊ ပေါင်းဖို့ အဆင့်နည်းနည်းပဲ လိုတော့တယ်” ဟု နှစ်ပါတီ ပေါင်းစည်းရေး ကြားဝင် ညှိနှိုင်းပေးနေသည့် သံဃာတော် အရှင်ပုပ္ဖဟံသာက ပြောကြားသည်။

ဆုံးဖြတ်ချက် ခြောက်ချက်မှာ မွန်နှစ်ပါတီ ပေါင်းမည်၊ တစ်ဖက်လျှင် ကိုယ်စားလှယ် ၁၅ ဦးစီဖြင့် ပါတီ ပေါင်းစည်းရေး ကော်မတီ ဖွဲ့စည်းမည်၊ ပါတီ အမည်သစ်ကို မွန်လူထုတို့၏ ဆန္ဒဖြင့် ရွေးခြယ်ပြီး ဒီဇင်ဘာ ၂ ရက်နေ့တွင် ကော်မတီသို့ တင်ပြရမည်၊ ပါတီ ပေါင်းစည်းရေး ကော်မတီ ပထမဆုံး အစည်းအဝေးကို ဒီဇင်ဘာ ၈ ရက်နေ့တွင် ဓာတုမာလာ ကျောင်း၌ ကျင်းပမည် ဆိုသည့် အချက်များနှင့် ရှေ့ဆက် ဆွေးနွေးမည့် လုပ်ငန်းစဉ် သုံးချက် (က) ပါတီ အမည်သစ်၊ (ခ) ပါတီမူဝါဒ၊ (ဂ) ပါတီ ထူထောင်သူ ၁၅ ဦးရွေးချယ်မည်) နှင့် နှစ်ပါတီ ပေါင်းစည်းရေးအတွက် တစ်ပါတီ သုံးဦးဖြင့် ဖွဲ့စည်းထားသည့် ကော်မရှင်ကို ဖျက်သိမ်းခြင်းတို့ ဖြစ်သည်။

၎င်းပြင် တစ်ဖက်ကိုယ်စားလှယ် ၁၅ ဦးစီဖြင့် ဖွဲ့စည်းလိုက်သည့် ပေါင်းစည်းရေး ကော်မတီကို ခေါင်းဆောင်အဖြစ် AMDP မှ ပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်းနှင့် MDP မှ ပါတီဒု-ဥက္ကဋ္ဌ နိုင်တင်အောင် တို့ကို ရွေးချယ် တင်မြှောက်ထားသည်။
“နှစ်ပါတီ ပေါင်းဖို့က အခက်အခဲ နည်းနည်းပဲ ရှိနေတယ်။ ဒါကို ဒီကနေ့ ကျွန်တော်တို့ ညှိနှိုင်းလို့ အဆင်ပြေပြီ။ ကျွန်တော်တို့ ပျော်ဖို့ထက် ပြည်သူတွေ ပျော်ဖို့က အဓိကပါ” ဟု မွန်နှစ်ပါတီ ပေါင်းစည်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။

ပါတီ အမည်သစ်နှင့် ပါတီထူထောင်မည့် ကိုယ်စားလှယ် ၁၅ ဦးစီကို နောက်ဆုံးအနေနှင့် လာမည့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ၎င်းတို့ထံမှ သိရသည်။

မွန်နှစ်ပါတီ ပေါင်းစည်းရေးအတွက် ပေါင်းစည်းရေးကို လိုလားသည့် သံဃာတော်များ၊ မွန်ပြည်သူ လူထုများက တစ်နှစ်ကျော်ကြာ ကြိုးပမ်း လာခဲ့ကြသော်လည်း အခက်အခဲ အချို့ကြောင့် ပေါင်းစည်းရေး နှောင့်နှေးခဲ့ရကြောင်း၊ ယင်းအခြေအနေအပေါ် ပေါင်းစည်းရေးကို လိုလားတောင့်တ နေကြသည့် မွန်သံဃာတော်များနှင့် မွန်လူမှု အဖွဲ့အစည်းများက တတိယပါတီ တစ်ခုကို ထူထောင်ရန်လည်း ထုတ်ပြန် ကြေညာခဲ့ကြောင်း မွန်လူမျိုး နိုင်ငံရေးသမားများက ပြောကြားသည်။

ယနေ့ တွေ့ဆုံ ဆွေးနွေးပွဲသို့ တစ်ဖက်လျှင် ပါတီကိုယ်စားလှယ် ၁၅ ဦးစီအပြင် မွန်သံဃာတော်များ၊ လေ့လာသူ မွန်လူထုများ စုစုပေါင်း ၅၀ ဝန်းကျင် တက်ရောက်ခဲ့ကြသည်။

Dawei Watch

အေးချမ်းမွန် Credit To > The Voice Weekly https://www.facebook.com/excellencemedia

Post a Comment

 
Top