Monday, November 11, 2013
နှစ်သစ်ကူး ကာလတွင် မန်ချက်စတာ ယူနိုက်တက် အနေဖြင့် အမှတ်ပေး ဇယားကို ဦးဆောင်နေသည့် အခြေအနေမျိုးထိ မျှော်လင့်ထားကြောင်း တိုက်စစ်မှူး ဝိန်းရွန်နီက ပြောကြားလိုက်သည်။
ယူနိုက်တက်သည် အိုးလ်ထရက်ဖို့ဒ်တွင် လက်ရှိ အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ် အသင်းကို (၁-၀)ဖြင့် အနိုင် ရရှိပြီးနောက် အာဆင်နယ်နောက် (၅)မှတ်အကွာ အဆင့်(၅) နေရာတွင် ရပ်တည်နိုင်ခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ရော်ဘင်ဗန်ပါစီ သွင်းယူသည့် တစ်လုံးတည်းသော ခေါင်းတိုက်ဂိုးကို ရွန်နီက ထောင့်ကန်ဘောမှတစ်ဆင့် ကန်တင် ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။ ယခုနိုင်ပွဲသည် အသင်းအတွက် ယုံကြည်မှု တိုးပွားလာစေပြီး လာမည့်လပိုင်းအတွင်း ယူနိုက်တက် အနေဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ပြန်တက်နိုင်မည်ဟု ယုံကြည်ထားကြောင်း ရွန်နီက ဆိုသည်။
"ဒီပွဲကို အနိုင် ရခဲ့တာဟာ စိတ်ဓာတ်ပိုင်း အရ တကယ့်ကို မြှင့်တင်ပေးမှု တစ်ခုလိုပါပဲ။ ခုဆိုရင် အသင်းရဲ့ ရည်မှန်းချက်ဟာ နှစ်သစ်ကူး ကာလမှာ ထိပ်ဆုံးနေရာ၊ ဒါမှ မဟုတ်လည်း ထိပ်ဆုံးနားမှာ ရှိနေဖို့ ဖြစ်လာပါပြီ" ဟု ရွန်နီက ဆိုသည်။ ၎င်းက အာဆင်နယ်ကို တည်ကန်ဘောများမှ ဂိုးသွင်းနိုင်ရန် ကြိုတင်ပြင်ဆင်ခဲ့ကြောင်းလည်း ဝန်ခံခဲ့သည်။ "အာဆင်နယ်မှာ လူကောင်ညှက်တဲ့ ကစားသမား တချို့ ရှိပါတယ်။ ဒါကြောင့် ပြစ်ဒဏ်ဘောနဲ့ ထောင့်ကန်ဘောတွေကနေ ဂိုးသွင်းနိုင်အောင် ကျွန်တော်တို့ အလေးထား လေ့ကျင့် ထားကြတယ်။ ကံအားလျော်စွာပဲ ဒီအားထုတ်မှုက အကျိုး ရှိစေခဲ့တာ ကျေနပ်စရာပါ" ဟု ရွန်နီက ပြောကြား သွားခဲ့သည်။
အေးချမ်းမွန် Credit To >Soccer Myanmar
Post a Comment