လာမယ့် တနင်္ဂနွေည (၁၀း၄၀)မှာ ပရီးမီးယားလိဂ် ပွဲစဉ်(၁၁)အဖြစ် မန်ယူနဲ့ အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားကြတော့မှာပါ။ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ဖလားဆွတ်ခူးနိုင်ခဲ့တဲ့ မန်ယူဟာ ဒီရာသီ အဖွင့်ပွဲ(၁၀)ပွဲ ကစားပြီးချိန်မှာ (၃)ပွဲ အထိ ရှုံးနိမ့်ထားပြီး အဆင့်(8)နေရာ ရောက်နေပါ တယ်။ ရာသီအစပိုင်း ပွဲစဉ်(၅)ပွဲမှာ ချဲလ်ဆီး၊ လီဗာပူး၊ မန်စီးတီးတို့လို အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မန်ယူဟာ အဲဒီပွဲစဉ်(၃)ပွဲကနေ (၁)မှတ်ပဲ ရခဲ့သလို အလယ်အလတ် အသင်းတွေနဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာလည်း အမှတ်တွေ ဆုံးရှုံးခဲ့တာကြောင့် အခုလို အခြေအနေရောက်ခဲ့တာပါ။
အာဆင်နယ်ကတော့ မန်ယူနဲ့ ပြောင်းပြန်အနေအထားပါပဲ။ ဗီလာကို ရှုံးနိမ့်ခဲ့တဲ့ အဖွင့်ပွဲစဉ်နောက်ပိုင်း ပရီးမီးယားလိဂ် ပွဲစဉ်(၉)ပွဲ ကစားရာမှာ (၈)ပွဲနိုင်၊ (၁)ပွဲသရေ ရလဒ်မျိုး ရယူနိုင်ခဲ့ပြီး လက်ရှိအချိန် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေနိုင်တာ တွေ့ရပါတယ်။ ရလာတဲ့ အခွင့်အရေးတိုင်း နီးပါးကို ဂိုးအဖြစ် ပြောင်းလဲနေနိုင်တဲ့ တိုက်စစ်ပိုင်းကြောင့် အာဆင်နယ်ဟာ ပွဲစဉ်(၁၀)အပြီးမှာ (၂၂)ဂိုးအထိ သွင်းထားနိုင်ပြီး သူတို့ရဲ့ တစ်ပွဲပျမ်းမျှ ဂိုးသွင်းနှုန်းက (၂.၂)ဂိုးအထိ ရှိနေပါတယ်။
ဒါပေမဲ့ မန်ယူနဲ့ အာဆင်နယ်တို့ တွေ့ဆုံမယ့်ပွဲဟာ သမိုင်းကြောင်းအရ ပြန်ကြည့်မယ်ဆိုရင်တော့ မန်ယူပရိသတ်တွေထက် အာဆင်နယ်ပရိသတ်တွေ ပိုစိုးရိမ်သင့်တဲ့ပွဲတစ်ပွဲဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဆင်နယ်ဟာ မန်ယူနဲ့ ကစားခဲ့တဲ့ နောက်ဆုံး (၉)ပွဲမှာ (၁)ပွဲပဲ နိုင်ဖူးသလို ပရီးမီးယားလိဂ်လို့ ပြောင်းလဲခဲ့တဲ့ (၁၉၉၂)ခုနှစ်နောက်ပိုင်း အိုးထရက်ဖို့ဒ်ကွင်းမှာ (၃)ကြိမ်ပဲ အနိုင်ရခဲ့ဖူးတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၁ခုနှစ်၊ သြဂုတ်(၂၈)ရက်နေ့ ပွဲစဉ်မှာတုန်းက မန်ယူဟာ အာဆင်နယ်ကို (၈-၂)ဂိုးနဲ့ အနိုင်ရခဲ့ဖူးတာကလည်း အမှတ်ရစရာပါပဲ။
သမိုင်းကြောင်းကို ကျော်လွန်ပြီး လက်တွေ့အခြေအနေကို ပိုင်းခြားကြည့်မယ်ဆိုရင်တော့ အာဆင်နယ်ဟာ ဂိုးဖန်တီးနိုင်မှု၊ ဂိုးသွင်းသေချာမှု၊ တန်ပြန်တိုက်စစ်စွမ်းထက်မှုဆိုတဲ့ အားသာချက်တွေ ပိုင်ဆိုင်ထားပြီး အိုဇဲလ်၊ ရမ်ဆေး၊ ဂီယောက်တို့ ခြေစွမ်းပြနေတဲ့ တိုက်စစ်ပိုင်းက အဓိက အားရစရာဖြစ်နေပါတယ်။ မန်ယူကတော့ တစ်ဦးချင်း စွမ်းဆောင်မှုတွေကနေ ဂိုးအများဆုံး ရရှိထားပြီး ပြစ်ဒဏ်ဘော ကန်ချက်တွေကနေ တိုက်ရိုက်ဂိုးသွင်းနေနိုင်တာလည်း အားသာချက်တစ်ခုပါပဲ။ ဒီပွဲမှာ အဆုံးအဖြတ်ဖြစ်လာနိုင်တာက ဘယ်အသင်း အမှားပိုများမလဲ၊ အရင်ပွဲတွေက အမှားတွေကို ဘယ်အသင်း အကောင်းဆုံးပြုပြင်နိုင်မလဲဆိုတဲ့ အချက်ပါပဲ။
အာဆင်နယ်ဟာ ပြိုင်ဘက်အသင်းရဲ့ ဂိုးသွင်းခွင့်ဖန်တီးမှုတွေကို ကြိုတင်ပိတ်ဆို့နိုင်ခြင်းမရှိသလို ဒီကနေ လွတ်ထားသွားတဲ့အခါ ပင်နယ်တီ ဧရိယာတစ်ဝိုက် ဥပဒေပ ဖျက်ထုတ်တာကြောင့် ပြစ်ဒဏ်ဘောတွေ၊ ပင်နယ်တီတွေ ပေးနေရတာက အားနည်းချက်ဖြစ်ပါတယ်။ ဒါ့အပြင် ဦးဆောင်ဂိုး ရနေပြီးတဲ့နောက်မှာ ဘယ်လိုပုံစံ ကစားမယ်ဆိုတာမျိုး အားနည်းနေတယ်လို့လည်း အချက်အလက်တွေက ဖော်ပြနေပါတယ်။ မန်ယူကတော့ တစ်ဦးချင်းအမှားကျူးလွန်မှုတွေ၊ အမြင့်ဘောထိုးဖောက်မှုတွေကို မဟန့်တားနိုင်ခြင်းတွေ၊ ဘောလုံးယှဉ်လုရင် အသာမရတာတွေစတဲ့ အားနည်းချက်တွေရှိနေပါတယ်။ ဖွင့်လှစ်မှုတွေအရ ရင်ခုန်ချင်သူတွေအတွက်ကတော့ လက်ရှိအချိန်မှာ မန်ယူက သရေကျရင် (၄၀)ရာခိုင်နှုန်း နစ်နာမှာဖြစ်ပြီး ဒီအနေအထားအရဆိုရင်တော့ မန်ယူကို လက်ရှောင်ထားရမယ့် သဘောပါပဲ။
http://yoyarlay.com/sport/football/38587-2013-11-08-19-00-02
ဇော်ထွန်း(ရိုးရာလေး)
အေးချမ်းမွန် Credit To >YoYarLay <Thanks
http://ayechanmon-news1.blogspot.com/
Post a Comment