0


လက်ပံတောင်းတောင် အရံ ၃၃ လုံးတွင် ပါဝင်သော အင်ကြင်းတောင်တွင် လယ်တီသိမ် ကာကွယ်စောင့်ရှောက်ရေး သပိတ်စခန်း ဖွင့်လှစ်ပြီး တစ်ပတ်အကြာ နိုဝင်ဘာ ၉ ရက်တွင် လက်ပံတောင်းတောင် အာဏာပိုင်များက သံဃာတော်များနှင့် ဒေသခံများကို လယ်တီသိမ်ကို ကြည့်ရှုခွင့် ပေးခဲ့ကြောင်း သိရသည်။

လက်ပံတောင်းတောင် ဒေသခံ ကျေးရွာအချို့က လက်ပံတောင်းတောင် စီမံကိန်း လုံးဝဖျက်သိမ်းရေးအတွက် နိုဝင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ တုံရွာထိပ်မှ ဇီးတောရွာသစ်ရှိ ဆက်ဆံရေးရုံးအထိ ဆန္ဒပြခဲ့သည်။ ညနေပိုင်းတွင် အင်ကြင်းတောင် သပိတ်စခန်းကို ဆိုင်းဘုတ်တင်ကာ ရေစက်ချ အခမ်းအနား ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ ၈ ရက်တွင် လယ်တီသိမ်နှင့် ပတ်သက်သော ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

ဒေသခံများ ဆန္ဒပြရာတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး၊ ပုဒ်မ ၁၄၄ ရုပ်သိမ်းရေး၊ မီးလောင်ဗုံး အကြမ်းဖက် တရားခံများ ဖော်ထုတ်အရေးယူပေးရေး၊ ဇီးတောကျေးရွာ ဘုန်းကြီးကျောင်း အကြမ်းဖက်မှု တရားခံများ ဖော်ထုတ်အရေးယူပေးရေး၊ ဒေသခံ လွှတ်တော်နှင့် သမ္မတကြီးတို့အား လိမ်ညာမှုများ ပြုလုပ်နေသော လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ အလိုမရှိ၊ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာပါ အချက်များ ကျော်လွန်လုပ်ဆောင်မှုများ ချက်ချင်းရပ်၊ ဥပဒေမဲ့ အကြမ်းဖက်ကာ မြေယာသီးနှံများ ဖျက်ဆီးမှု အရေးယူပေးရေး၊ လယ်တီသိမ်အား ဖျက်ဆီးရန် ရည်ရွယ်လုပ်ဆောင်နေသော မိစ္ဆာဒိဋ္ဌိကောင်များ အလိုမရှိစသော ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြောင်း သိရသည်။ ဆန္ဒပြပြီးနောက် ရွာသူရွာသားများသည် သပိတ်စခန်း ဖွင့်လှစ်ခဲ့သော အင်ကြင်းတောင်ပေါ်တွင် သပိတ်စခန်း ဆိုင်းဘုတ်တင်ကာ ရေစက်ချ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၈ ရက် ညနေပိုင်းတွင် အင်ကြင်းတောင် သပိတ်စခန်းမှ သံဃာတော်များ ပြီးခဲ့သည့် တန်ဆောင်မုန်းလပြည့်ည အကြမ်းဖက်နှိမ်နင်းမှုတွင် ဒဏ်ရာအများအပြား ရခဲ့သော ဦးဥာဏတိက္ခတို့နှင့်အတူ ဒေသအာဏာပိုင်များ မိုင်းမြို့ဦးကျောင်းတိုက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ နောက်ဆုံးအခြေအနေအရ အင်ကြင်းတောင်ပေါ်ရှိ သပိတ်စခန်းက လယ်တီသိမ်အား ထိခိုက်မှု ရှိမရှိ စစ်ဆေးခွင့်နှင့် လက်ပံတောင်းတောင် ဧရိယာအတွင်းရှိ သာသနိက အဆောက်အအုံများကို ခွင့်တောင်းစရာ မလိုဘဲ ဖူးမြော်ခွင့်တို့ တောင်းဆိုထားပြီးနောက် ဒေသအာဏာပိုင်များက ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"လယ်တီသိမ်ကို ကြည့်ရှုစစ်ဆေးရာမှာ ငါးယောက်တစ်စုချင်း သွားခွင့်ရအောင် ၀မ်ပေါင်ဂိတ်ပေါက်ကနေ ကားနဲ့ပို့ပေးပါတယ်။ နယ်လုံဝန်ကြီး ဦးကြည်နိုင်၊ သာသနာရေးဝန်ကြီး၊ မြို့နယ်သံဃာ့ နာယက အဖွဲ့နဲ့အတူ ဆရာတော် ဦးဥာဏတိက္ခ၊ သပိတ်စခန်းက ဆရာတော် ဦးသုနဲ့ သံဃာတော် ငါးပါးတို့ ပါဝင်တယ်။ သိမ်နဲ့ စေတီတော်တို့မှာ စေတီတော်က ကြာမှောက်ကြာလန် ပဲ့တာမျိုး၊ ဖောင်းရစ်မှာ အက်ကြောင်းရှိတာမျိုး တွေ့ခဲ့ပြီး မြို့နယ်သံဃာ့ နာယကနဲ့ ဒေသအာဏာပိုင်တွေက အောက်တိုဘာ ၁၄ ရက် စီမံကိန်းစတဲ့ရက် မတိုင်မီ ကတည်းက ရှိတယ်ဆိုပြီး ဓာတ်ပုံနဲ့ ပြလာပါတယ်" ဟူ၍ လယ်တီသိမ်ကို လာရောက်ကြည့်ရှုသူ တစ်ဦးက ဆိုသည်။

လယ်တီသိမ်၊ စေတီနှင့်အတူရှိသော ဓမ္မာရုံထဲတွင် လုံခြုံရေးများ နေထိုင်သည်ကို လာရောက်ကြည့်ရှုသော သံဃာတော်များက ကန့်ကွက်သည်ကို တွေ့ရသည်။

လက်ပံတောင်းတောင် စီမံကိန်း ဧရိယာအတွင်းရှိ လယ်တီသိမ်တော်အား သံဃာတော်များနှင့် ဒေသခံများ ၀င်ရောက်ကြည့်ရှုနေစဉ်

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top