0

A-4-11
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသည့် တပ်မတော်သား ကိုယ်စားလှယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များအား အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ်

ဘ၀ရပ်တည်ရေးနှင့် တာဝန်ခွဲဝေမှု
နိုင်ငံတော်တစ်ရပ် ပေါ်ထွန်းလာတာဟာ ပြည်သူများ စုဝေးနေထိုင်ကြလို့ ဖြစ်ပါတယ်။ ပြည်သူအများဟာ မိမိစားဝတ်နေရေး ဘ၀ရပ်တည်ရေးအတွက် အလုပ်အကိုင်တွေ လုပ်ကိုင်လာကြပါတယ်။ ယဉ်ကျေးမှု မြင့်မားလာတဲ့ ခေတ်များမှာ တစ်ဦးချင်းစီရဲ့ ဘ၀ရပ်တည်ရေးအတွက် အလုပ်လုပ်ကြရာမှာ နိုင်ငံတော်အတွက်ပါ အကျိုးရှိစေမယ့်အထိ ရည်ရွယ်ပြီး အလုပ်တွေ လုပ်လာကြပါတယ်။
နိုင်ငံတော်ရဲ့ လိုအပ်ချက်ကို တွက်ချက်ပြီး ဆန်စပါးတန်ချိန် မည်မျှထုတ်လုပ်မယ်။ ထွန်စက်မည်မျှ ထုတ်လုပ်မယ် စသဖြင့် စီမံကိန်းတွေနဲ့ လုပ်ကိုင်လာကြပါတယ်။ ပြည်သူတစ်ဦးချင်းစီရဲ့ အလုပ်အကိုင်ဟာ ပိုလို့အဓိပ္ပာယ် ပြည့်ဝလာပါတယ်။
ဒီလိုနဲ့ စပါးစိုက် သီးနှံစိုက်သူတွေဟာ နိုင်ငံတော်အတွက် အခြေခံစားကုန် ထုတ်လုပ်ပေးကြပါတယ်။ သူတို့ကို တောင်သူလယ်သမားလို့ အမည်သညာ ပေးကြပါတယ်။
ပြည်သူတွေနေထိုင်ဖို့ အိမ်ယာမြေ ဆောက်လုပ်ပေးမယ့်သူတွေ အ၀တ်အထည်ဝတ်ဖို့ ချုပ်လုပ်ပေးသူတွေ ပေါ်ထွက်လာပါတယ်။ သူတို့ကို အလုပ်သမားလို့ ခေါ်ဝေါ်ကြပါတယ်။
စင်စစ် ပြည်သူ့လိုအင်က စားဝတ်နေရေးနဲ့ မလုံလောက်တော့ပါဘူး။ ပြည်သူတွေရဲ့ ကျန်းမာရေး စောင့်ရှောက်ဖို့ ကျန်းမာရေးလုပ်ငန်း ထမ်းဆောင်နိုင်တဲ့သူတွေ လိုအပ်လာပြန်ပါတယ်။ သူတို့က ဆေးပညာတတ် ကျန်းမာရေးဝန်ထမ်း ဆရာဝန်လို့ သတ်မှတ်ကြပြန်ပါတယ်။
ဒီလိုနဲ့ ပြည်သူ့လိုအပ်ချက်အရ သီးခြားတာဝန် ထမ်းဆောင်တဲ့ ပြည်သူတွေထဲ ပြည်သူတွေကို ကျန်းမာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်း၊ အလုပ်သမား၊ လယ်သမား စသဖြင့် ပြည်သူ့ဝန်ထမ်းတွေ ပေါ်ထွန်းလာပြန်ပါတယ်။
တစ်ဖန် အေးအေးချမ်းချမ်း နေနေတဲ့ ပြည်သူတွေကို မနာလိုသူတွေက ရန်စခြိမ်းခြောက် တိုက်ခိုက်လာတဲ့အတွက် ပြန်လည်ခုခံကာကွယ် တိုက်ခိုက်ရမှာဖြစ်လို့ ရန်သူ့ကို တိုက်ခိုက်နိုင်မယ့် လက်နက်တွေ တပ်ဆင်ကိုင်ဆောင် ရပါတယ်။ ဒီလို လက်နက်ကိုင် တိုက်ခိုက်နိုင်မယ့် လူငယ်တွေကို ပြည်သူထဲက ရွေးထုတ်ပြီး လေ့ကျင့်ပြီး ထားရာက တစုတဝေးတည်း စုဆောင်းထားရှိရာက အဲဒီပြည်သူတွေကို စစ်သားလို့ခေါ်ပြီး စစ်သားအစုအဝေးကို စစ်တပ်လို့ အမည်သညာ မှည့်ခေါ်လိုက်တာပါပဲ။ စင်စစ် ပြည်သူတစ်စုကို ပြည်သူအများစုအတွက် သီးခြားတာဝန် ပေးလိုက်တာပါ။ သီးခြားတာဝန် ပေးတာကို သီးသန့်ခံစားခွင့် ပြုတာနဲ့ ရောထွေးမသွားဖို့ လိုပါတယ်။
လောဂျစ်ဘာသာရပ်ထဲက ဥပမာတစ်ခုကို သတိရမိပါတယ်။ ဘုန်းကြီးတိုင်းသည် ယောက်ျားဖြစ်သော်လည်း ယောက်ျားတိုင်းသည် ဘုန်းကြီးမဖြစ်နိုင်။ ဆိုလိုချင်တာက ယောက်ျားဆိုတဲ့ ပင်ကိုရှိလို့ နောက်ဆက်တွဲ ဘုန်းကြီးဆိုတာ ဖြစ်လာတာပါ။
ထိုနည်းတူပါပဲ။ စစ်သားတိုင်းသည် ပြည်သူဖြစ်သော်လည်း ပြည်သူတိုင်းသည် စစ်သားမဖြစ်နိုင်ပါဘူး။ စစ်သား (တပ်မတော်) ဟာ နိုင်ငံတော် ကာကွယ်ရေးအတွက် တာဝန်တစ်ခုတည်း ရှိနေပေမယ့် ပြည်သူတွေမှာ နိုင်ငံတော် လိုအပ်ချက်များစွာကို တာဝန်ခွဲဝေ ယူနေရတာပါ။ ပြည်သူက ကျယ်ပြန့်သလို ပြည်သူ့စကြာဝဠာအစု (Universal Set) ထဲက တပ်မတော်က အစုပိုင်း (Subset) တစ်ခုပါ။ အစုဆိုတာ တူရာစုကြရတာကြောင့် မြန်မာနိုင်ငံရဲ့ တပ်မတော်ဟာ မြန်မာပြည်သူနဲ့ တူတာတွေရှိလို့ စုမိကြတာ ဂုဏ်ယူစရာပါ။


စစ်တပ်(သို့မဟုတ်) တပ်မတော်

ဒီနေ့ တပ်မတော်ကို အသိအမှတ် ပြုထားတဲ့ ပြည်သူ့အဖွဲ့အစည်းဟာ ၁၉၄၀ ဇွန် ၂၂ ရက်က အစပြုခဲ့တာပါ။ သခင်အောင်ဆန်းဟာ ဟင်္သာတခရိုင်၊ ဇလွန်မြို့မှာ တရားဟောတဲ့အတွက် ရာဘက်ရာဇ၀တ် တရားသူကြီးက သူ့ကိုဖမ်းဖို့ ၀ရမ်းထုတ်ပြန်ပါတယ်။ သခင်အောင်ဆန်းဟာ အဲဒီနေ့ကစပြီး မြေအောက်လျှိုးသွားပါတယ်။
ထို့နောက် သခင်လှမြိုင်နဲ့အတူ တရုတ်ပြည်ကို ထွက်သွားပါတယ်။ တရုတ်ပြည် နန်းကင်းအစိုးရပိုင် အမွိုင်မြို့အနီး ကူလဉ်စုရပ်ကွက်ကို ရောက်ပါတယ်။ ထိုမှ ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်တယ်။ ဗမာပြည် လွတ်လပ်ရေး စီမံကိန်း စာတမ်းကို သခင်အောင်ဆန်းကိုယ်တိုင် ရေးသား၍ ဂျပန်စစ်အာဏာပိုင်များထံ တင်ပြရာ အနည်းငယ်မျှသာ ပြင်ဆင်ပြီး အတည်ပြု လက်ခံလိုက်ပါတယ်။ ထိုနေ့က ၁၉၄၁ ဖေဖော်ဝါရီ ၁၂ ရက်ပါပဲ။
ကဏ္ဍအသီးသီးမှာ သူ့တာဝန်နဲ့သူ ဦးဆောင်ကြရပါမယ်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လယ်သမား ဦးဆောင်ပါစေ။ ဆောက်လုပ်ရေး အလုပ်သမားအရေး အလုပ်သမား ဦးဆောင်ပေါ့။ ကျန်းမာရေး ဆရာဝန် ဦးဆောင်။ ပညာသင်ကြားရေး ကျောင်းဆရာ ဦးဆောင်။ ရာဇ၀တ် ကင်းစင်ရေး ရဲတပ်ဖွဲ့က ဦးဆောင်ကြပေါ့။ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် တပ်မတော်က  ဦးဆောင်ရမှာပါ . . . . .
အဲဒီနေ့ကစပြီး စစ်တပ်ဆိုတာ ပေါ်ပေါက်လာဖို့ အစပျိုးနေတာ ဖြစ်ပါတယ်။ တပ်မတော် စတင်သန္ဓေတည်တဲ့နေ့ ဖြစ်ပါတယ်။ ၁၉၄၃ မတ် ၉ ရက်မှာ ရဲဘော်သုံးကျိပ်အနက် ပထမဆုံးအသုတ် ဂျပန်ပြည်သို့ ထွက်ခွာပါတယ်။ ၁၉၄၁ ဧပြီမှာ ဂျပန်ပြည် ဟိုင်နန်ကျွန်းရှိ ဆန်းယာစစ်ပညာသင်ကျောင်းမှာ စစ်ပညာ စတင်သင်ယူပါတယ်။ ဒီဇင်ဘာမှာ BIA ဆိုတဲ့ ဗမာ့လွတ်လပ်ရေး တပ်မတော် (Burma Independence Army) ပေါ်ပေါက်လာပါတယ်။ ဗမာ့ (မြန်မာ့) လွတ်လပ်ရေးအတွက် အသက်ပေး၍ တိုက်ပွဲဝင်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုကာ သွေးသောက်ပွဲ ကျင်းပခဲ့ပါတယ်။ ၁၉၄၂ မတ် ၇ ရက်မှာ ဘီအိုင်အေတပ်ကို ပြန်ဖွဲ့စည်းလိုက်ပြီး စစ်သေနာပတိချုပ်အဖြစ် ဗိုလ်တေဇ (ဗိုလ်ချုပ်အောင်ဆန်း) ကို ခန့်အပ်ခဲ့ပါတယ်။ ၁၉၄၂ နိုဝင်ဘာလမှာ ဗမာ့ကာကွယ်ရေး တပ်မတော် ဖြစ်လာပါတယ်။ ၁၉၄၃ စက်တင်ဘာတွင် ဗမာ့ကာကွယ်ရေး တပ်မတော်မှ ဗမာ့အမျိုးသား တပ်မတော် (Burma National Army)ဟု အမည်ပြောင်းပါတယ်။
၁၉၄၅ မတ်မှာ ဖက်ဆစ်တိုက်ဖျက်ရေး ဆင်နွှဲရန် စစ်တိုင်းကြီးများခွဲခြင်း၊ နယ်မြေသတ်မှတ်ခြင်းတို့ကို ဆောင်ရွက်ပါတယ်။ ပြင်ဆင်လိုက်တဲ့ ဖတပလ ဗဟိုဦးစီးမှာ ပြည်သူ့အရေးတော်ပုံပါတီမှ ကိုယ်စားလှယ်သုံးဦး၊ ကွန်မြူနစ်ပါတီမှ ကိုယ်စားလှယ်သုံးဦး၊ တပ်မတော် ကိုယ်စားလှယ် သုံးဦးတို့ ပါဝင်ပါတယ်။ ဖက်ဆစ်ကို တိုက်ဖျက်ခဲ့ရာမှာ တပ်မတော်တစ်ခုတည်း တိုက်ခဲ့တာ မဟုတ်ကြောင်း တွေ့ရပါတယ်။
ထို့အတူ ရွာသူရွာသားများကလည်း ဘယ်သူ့ရဲ့ အမိန့်ကြောင့်မှ မဟုတ်ဘဲ ရရာတုတ်၊ ဓား၊ ၀ါးချွန်တို့ကို ဆွဲကိုင်ပြီး ဖက်ဆစ်တို့ကို တော်လှန်ခဲ့ကြတာပါ။ နာမည်မကျော်ကြား၊ မှတ်တမ်းမတင်နိုင်တာကြောင့် ပြည်သူတို့ရဲ့ တိုက်ခိုက်မှုဟာ မထင်ပေါ်ခဲ့ပါဘူး။ ၁၉၄၅ မတ် ၂၇ ရက်နေ့ဟာ ဖက်ဆစ်ကို ပြည်သူနဲ့ တပ်မတော်သားတို့ရဲ့ တော်လှန်ခဲ့တဲ့ မဟာအောင်ပွဲ ဖြစ်ပါတယ်။


စစ်တပ် + အာဏာရှင် = စစ်အာဏာရှင်
စစ်တပ်ဆိုတာ မူလက ပြည်သူထဲမှ ပြည်သူတွေပါ။ အာဏာလည်း မပြခဲ့ပါဘူး။ အာဏာရှင်လည်း မဟုတ်ခဲ့ပါဘူး။ နယ်ချဲ့ကိုလည်း တိုက်ခဲ့တယ်။ ဖက်ဆစ်ကိုလည်း တိုက်ခဲ့တယ်။ ကျူးကျော် (ကူမင်တန်)တွေကိုလည်း တိုက်ခဲ့တယ်။ ပြည်တွင်းစစ်ကိုလည်း တိုက်ခဲ့တယ်။ ဒီလိုအသက်ပေး တိုက်ခဲ့လို့ ပြည်သူဆီက အပိုကြေး မတောင်းခဲ့ပါဘူး။ ပြည်သူက သူ့မိဘလေ။ သူ့မိဘကို ကာကွယ်ပေးတာလောက် ဂုဏ်တက်ရတာ ဘာရှိသေးလဲ။
အာဏာရှင်ဆိုတာက တကယ်ဆို မြန်မာပြည် သမိုင်းအရ ပြောရရင် မရှိခဲ့ပါဘူး။ သက်ဦးဆံပိုင် ဘုရင်စနစ်ပဲ ရှိခဲ့တာပါ။ မြန်မာဘုရင် အတော်များများဟာ ဘုရားရဲ့ တရားတော်နဲ့အညီ မင်းကျင့်တရား ၁၀ ပါး လက်ကိုင်အုပ်ချုပ်ခဲ့လို့ မင်းကောင်းမင်းမြတ် ထွန်းကားခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။
အာဏာရှင် ဆိုတာဟာ အာဏာကို တစ်ဦးတည်းပိုင်အဖြစ် တရားလွန် သုံးစွဲတဲ့ ပုဂ္ဂိုလ်ကို ဆိုလိုပါတယ်။ တရားသဖြင့် ရသည်ဖြစ်စေ၊ မတရားသဖြင့် ရသည်ဖြစ်စေ ရထားတဲ့ အာဏာကို ဘယ်သူ့အကျိုးမှ မကြည့်ဘဲ သူတစ်ဦးတည်း အကျိုးကြည့်ပြီး ထင်ရာစိုင်းကြတာဟာ အာဏာရှင်တွေရဲ့ ပြယုဂ်ပါ။ ဒီလို အာဏာရှင်ကို လက်လွတ်စပယ် ထင်ရာစိုင်းနေတဲ့ အာဏာရှင် လက်ထဲကို လက်နက်ကိုင် စစ်တပ်က ပံ့ပိုးကူညီ အားပေးအားမြှောက် လုပ်လိုက်မှတော့ မြင်းကိုချိုတပ်ပေးသလို မီးကုန်ယမ်းကုန် အာဏာပြတော့တာပါပဲ။ မီးပုံဓာတ်ဆီလောင်းထည့် လိုက်တာနဲ့ အတူတူပါပဲ။
ဒီလိုနဲ့ ဖြူစင်သန့်ရှင်းပြီး ပြည်သူ့ဘက်တော်သား စစ်တပ်က အာဏာရူးနေတဲ့ အာဏာရှင်နဲ့ပေါင်းပြီး စစ်အာဏာရှင်ဆိုတာ ပေါ်ထွက်လာပါတော့တယ်။

ဖြူစင်တဲ့စစ်တပ် - ပြည်သူ့စစ်တပ်
စစ်တပ်ဟာ ပြည်သူနဲ့ ဘယ်လိုနည်းနဲ့မှ သွေးကွဲလို့ မရပါဘူး။ စစ်တပ်ဟာ ပြည်သူဖြစ်သလို ပြည်သူဟာလည်း စစ်တပ်ဖြစ်ပါတယ်။ ရေရှည်အကျိုး မကြည့်ခဲ့တဲ့ အာဏာရှင် အချို့ရဲ့ သပ်လျှိုသွေးခွဲမှုကြောင့် စစ်တပ်ဟာ ပြည်သူနဲ့ တစ်သားတည်း မဖြစ်ခဲ့ပါဘူး။
နိုင်ငံတော် တိုးတက်အောင်မြင်ရေးကို ပြည်သူနဲ့ တန်းတူရည်တူ ဒိုးတူပေါင်ဖက် လုပ်ရမယ့်အစား တပ်မတော်က ဦးဆောင်ချင်တယ်။ ဦးဆောင်ရမယ်ဆိုတဲ့ အတွေးအခေါ်တွေ စစ်သားတွေခေါင်းထဲ ရိုက်သွင်းခဲ့ပါတယ်။ အဲဒီ အတွေးအခေါ် တည်တံ့ဖို့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ အခြေခံမူများ ပုဒ်မ ၆(စ)မှာ နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး....လို့ ဖော်ပြထားပါတယ်။
ဒါကို အမြော်အမြင်ကြီးမားတဲ့ လက်ရှိတပ်မတော်မှ စစ်သားများဟာ ပြည်သူနဲ့ တစ်သားတည်းဖြစ်အောင် ကြိုးစားပြုပြင် ရပါမယ်။ လက်ရှိမြန်မာနိုင်ငံဟာ တပ်မတော်နဲ့ပြည်သူ လက်တွဲဖို့ ဒီမိုကရေစီနိုင်ငံ တည်ထောင်နေချိန် ဖြစ်ပါတယ်။
ပြည်သူဟာ တပ်မတော်နဲ့သာမက တိုင်းရင်းသား ပညာရှင်၊ ပညာတတ်၊ လက်လုပ်လက်စား၊ တောင်သူလယ်သမား၊ အလုပ်သမား၊ စီးပွားရေးသမား စတဲ့အလွှာ အသီးသီးနဲ့ပါ လက်တွဲဖို့ ကြိုးစားနေချိန် ဖြစ်ပါတယ်။
ဒီလို တစ်နိုင်ငံလုံးရှိ ပြည်သူတစ်ရပ်လုံးက ညီညွတ်ရေးကို တည်ဆောက်နေချိန်မှာ ငါဦးဆောင်၊ သူဦးဆောင်မယ်ဆိုပြီး အငြင်းပွားနေရာလု စိတ်ခုနေရမယ့်အချိန် မဟုတ်ပါ။ ပြည်သူတိုင်းပြည်သူတိုင်း ဒီမိုကရေစီနိုင်ငံတော် ဖြစ်ထွန်းရေးအတွက် မခိုမကတ် ကိုယ်စီပါဝင်ရမယ့် အချိန်ကောင်းပါ။
ပြည်သူ့အကျိုးကို သယ်ပိုးချင်တယ်၊ နိုင်ငံတော်ကို ကာကွယ်ချင်တယ်ဆိုတဲ့ တပ်မတော်ရဲ့ မွန်မြတ်မှုတွေကို အာဏာရှင် အချို့ရဲ့ ဆန္ဒရမ္မက်ကြောင့် ဘာဖြစ်လို့ အဖျက်ဆီးခံရမှာလဲ။
နိုင်ငံတော်ရှိမယ်။ ပြည်သူရှိမယ်။ နိုင်ငံ့တာဝန် အသီးသီးကို ခွဲဝေထမ်းဆောင်မည့် တပ်မတော် ရှိမယ်။ ၀န်ထမ်းရှိမယ်။ ဒါပကတိ အရှိတရားပါ။ ကြည်ဖြူစွာ လက်ခံပေးရမယ့် အသိတရားပါ။ စစ်တပ်ကို စတင်တည်ထောင်ခဲ့တဲ့ ကနဦး စစ်ခေါင်းဆောင်တွေရဲ့ ဆန္ဒပါ။ ၁၉၄၂ ဇွန် ၅ ရက်မှာ ဗိုလ်မှူးချုပ် ဗိုလ်တေဇက တပ်မတော်သားများ ပါတီနိုင်ငံရေးနှင့် အုပ်ချုပ်ရေး ကိစ္စများတွင် ပါဝင်စွက်ဖက်ခြင်း မပြုရန် အမိန့်ထုတ်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ထိုစဉ်ကတည်းက လက်နက်ကိုင်နဲ့ အုပ်ချုပ်ရေး (အာဏာ)ဟာ မဆက်စပ်သင့်ဘူးဆိုတာ ကောင်းကောင်းသဘောပေါက် ထားပုံရပါတယ်။ အဲဒါဟာ နိုင်ငံတကာ အမြင်ကျယ်ပြန့်တဲ့အမြင် ရှိနေလို့ဆိုတာ ထင်ရှားပါတယ်။ ခုရှုပ်မှ နောင်ရှင်းဆိုကာ တပ်မတော်ရဲ့ သိက္ခာကို ကြိုတင်ထိန်းသိမ်းထားတာပါ။

တပ်မတော်၏ လက်ဆင့်ကမ်း တာဝန်
အစဉ်အလာကောင်းနဲ့ မွေးဖွားလာတဲ့ တပ်မတော်အဖြစ် ပြည်သူတစ်ရပ်လုံးကရော စစ်သားအားလုံးကပါ လက်ခံထားတာပါ။ ဒါဆို အစဉ်အလာကောင်းကို ထိန်းသိမ်းရမယ့် တာဝန်ကို ပြည်သူရော တပ်မတော်မှာပါ တာဝန်ရှိပါတယ်။ နိုင်ငံသမိုင်း လက်ဆင့်ကမ်း အပြေးပြိုင်ပွဲကြီးမှာ မိမိလက်ထဲ ရောက်ထားတဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာ အလံကို ပြေးရင်းလွှားရင်း ပြုတ်ကျခဲ့လို့ မရပါဘူး။ ဖြုတ်ချခဲ့လို့ မရပါဘူး။
ပန်းတိုင်ထဲ ပထမဆုံး ၀င်လာမယ့် လက်ဆင့်ကမ်း သယ်ဆောင်လာရမယ့် ဂုဏ်သိက္ခာအလံ မပါရင် ပြိုင်ပွဲစည်းမျဉ်းအရ နိုင်ငံသမိုင်း လက်ဆင့်ကမ်း အပြေးပြိုင်ပွဲမှာ ပြည်သူက ဘာဆုမှပေးလို့ မရပါဘူး။
ဆိုတော့ ဒီမိုကရေစီ နိုင်ငံတော်အတွင်း ဆက်လက်သက်ဝင် လှုပ်ရှားပါဝင်နေမယ့် တပ်မတော်ဟာ အစဉ်အလာကောင်းကို ထိန်းသိမ်းရပါမယ်။ ဒီမိုကရေစီ မဆန်တဲ့ အတွေးအခေါ် အကျင့်အကြံ အပြုအမူ ပါဝင်လှုပ်ရှား စသည်တို့ကို ဖယ်ထုတ်ပစ်ရ ပါမယ်။
ပြည်သူသာအမိ ပြည်သူသာအဖလို့ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ပြောဆို ဦးထိပ်ပန်ဆင် လာချိန်မှာ နိုင်ငံတော်၏ အရေးအရာ အားလုံးရဲ့ အခန်းကဏ္ဍကို အခြေခံ ဥပဒေပုဒ်မ ၄ နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသား (ပြည်သူ) များထံမှ ဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌ တည်သည်။ .... လို့ ဖွင့်ဆိုထားတာနဲ့အညီ ပြည်သူကသာ ဦးဆောင်ရပါတယ်။
ကဏ္ဍအသီးသီးမှာ သူ့တာဝန်နဲ့သူ ဦးဆောင်ကြရပါမယ်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လယ်သမား ဦးဆောင်ပါစေ။ ဆောက်လုပ်ရေး အလုပ်သမားအရေး အလုပ်သမား ဦးဆောင်ပေါ့။ ကျန်းမာရေး ဆရာဝန် ဦးဆောင်။ ပညာသင်ကြားရေး ကျောင်းဆရာ ဦးဆောင်။ ရာဇ၀တ် ကင်းစင်ရေး ရဲတပ်ဖွဲ့က ဦးဆောင်ကြပေါ့။ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် တပ်မတော်က  ဦးဆောင်ရမှာပါ။
ရှင်းနေတဲ့ ဦးဆောင်မှု အရေးကိစ္စတွေပါ။

ရှင်းနေတာကို ရှုပ်အောင်မလုပ်ကြရင် နိုင်ငံတော် အရေးကိစ္စ မှန်သမျှ အေးချမ်းစွာ ဖြေရှင်းဆောင်ရွက်လို့ ရမှာပါ။ အေးချမ်းစွာ ဖြေရှင်းကြဖို့ တိုက်တွန်းအပ်ပါတယ်။

အေးချမ်းမွန် Credit To >Eleven Media Grouphttps://www.facebook.com/excellencemedia

Post a Comment

 
Top