အိန္ဒိယ အက်ဆေးတစ်ပုဒ်ကနေ စွဲနေအောင် မှတ်မိနေတာ တစ်ခုရှိတယ်။ “Name differs and aim differs. လူတိုင်းမှာ နာမည်တွေ ကွဲပြားသလို ရည်ရွယ်ချက် ပန်းတိုင်တွေကလည်း မတူပါဘူး” တဲ့။ ဒီလိုပါပဲ လူတိုင်းမှာ ထားရှိခဲ့တဲ့ ပန်းတိုင်တွေကလည်း မတူသလို လုပ်ဆောင်ရာမှာလည်း မတူ၊ အောင်မြင်မှုတွေ ရတာခြင်းလည်း တူမှာ မဟုတ်ဘူးလို့ ဆိုရမလား၊ အောင်မြင်တဲ့ ဘဝကို မပိုင်ဆိုင်ချင်သူ တစ်ယောက်မှ မရှိတာတော့ သေချာပါတယ်။
ဘဝမှာ အောင်မြင်ပြီး စိတ်ချမ်းသာချင်တယ်ဆိုရင် လုပ်ရမယ့် အလွယ်ကူဆုံး အရာကတော့ တစ်ခုထဲပဲ ရှိပါတယ်။ အဲဒါကတော့ မိမိကိုယ်ပိုင် ပန်းတိုင်တစ်ခုကို ထားရှိဖို့ပါ။ မိမိအလုပ်မှာပဲ ဖြစ်ဖြစ်၊ မိမိကိုယ်ရေး ကိုယ်တာတွေမှာပဲ ဖြစ်ဖြစ်၊ မိမိပညာရေးမှာပဲ ဖြစ်ဖြစ် အရာရာတိုင်းမှာ ထားရှိရမှာက ပန်းတိုင်တွေပါ။
ပန်းတိုင်ကို ဘယ်လိုရွေးချယ်ပြီး ချမှတ်ရမလဲလို့ တချို့ကလည်း ပြောကြပါတယ်။ ပန်းတိုင်ချမှတ် တတ်ဖို့ကလည်း အရေးပါဆုံး အရာတစ်ခုပဲ။ ဒါပေမယ့် လူတိုင်းမှာ ရည်ရွယ်ချက်တွေ မတူတော့ ကိုယ်ပိုင်ပန်းတိုင် ရွေးချယ်ဖို့အတွက် ပြောဖို့ အလွန်ခက်ပါတယ်။ ပြောနိုင်တာကတော့…… အရေးပါတဲ့ အခြေအနေ တစ်ရပ်မှာ ချဉ်းကပ်ပြီး အကောင်းအထည် ဖေါ်ချင်တဲ့စိတ် ရှိတယ်ဆိုရင် ပန်းတိုင်အဖြစ် လွတ်လပ်မှုနဲ့ ရွေးချယ်ရမှာ ဖြစ်ပါတယ်။
ခေါင်းစဉ်မှာ ပန်းတိုင်တွေလို့ ဆိုလိုက်တာကတော့ ပန်းတိုင်ဆိုတာ တစ်ခုတည်း ထားရမယ့် အရာမဟုတ်ဘူးလို့ ဆိုခြင်းဖြစ်ပါတယ်။ လူတော်တော်များများဟာ ပန်းတိုင်တစ်ခုကို ရအောင်ယူပြီးမှ ယောင်ဝါးဝါးနဲ့ ဘဝမှာ အဓိပ္ပါယ်မဲ့ သွားကြတာတွေ ရှိခဲ့ပါတယ်။ ထားမိတဲ့ ပန်းတိုင်ကို ကြိုးစား ရယူနိုင်လိုက်တာဟာ ထာဝရအတွက် ပြီးပြည့်စုံသွားတဲ့ အရာမဟုတ်။ ပန်းတိုင်းဆိုတာ တစ်ခုပြီးတစ်ခု ဆက်တိုက်ထားရမယ့် အရာသာ ဖြစ်ပါတယ်။
မိမိလိုချင်တာကို ကြိုးစား ရယူပြီး ဒါဟာ ငါ့အတွက် ပြည့်စုံတဲ့ ဘဝလို့ ဘယ်တော့မှ မမှတ်ယူလိုက်ပါနဲ့။ ရယူပြီးတဲ့ ပန်းတိုင်းက ဒီထက်ပိုကောင်းတဲ့ နောက်ပန်းတိုင်တစ်ခုအတွက် အားဆေးတစ်ခွက်ပဲ ဖြစ်သင့်တယ်။ ရပ်တန့်နေရင် ဘဝပျက်ရုံ အဖတ်တင်နေလိမ့်မယ်။ လောကမှာ အထည်ကြီးပျက် ဖြစ်ပြီးမှ ပြန်တက်လာတဲ့ လူဆိုတာ မရှိသလောက် ရှားတယ် မဟုတ်ပါလား။ ပန်းတိုင်တစ်ခု ပိုင်ဆိုင်ပြီးမှ ငိုင်မနေဖို့လည် လိုပါတယ်။
ပန်းတိုင်နဲ့ ပတ်သက်ပြီး အလွဲမှားဆုံး အရာကတော့ လူတော်တော်များများမှာ ကိုယ်ပိုင်ပန်းတိုင်ကို အသေမှတ်ပြီး ကြိုးစားတတ်ကြတာ ဖြစ်တယ်။ ချမှတ်ထားတဲ့ ပန်းတိုင်လမ်းမှာ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် လျှောက်မှာပဲလို့ ဆုံးဖြတ်ထားတာ အလွန်ကို မှားယွင်းတဲ့ အယူအဆတစ်ခု ဖြစ်တယ်လို့ ပြောပါရစေ။ ယနေ့ကမ္ဘာမှာ အရာရာတိုင်းက အချိန်တိုင်းမှာ ပြောင်းလဲနေတာပါ။ ဒါကို ဆန့်ကျင်ပြီး ကိုယ်လမ်းပဲ ကိုယ်ဘာသာ လျှောက်မယ်လို့ လက်ခံနေရင် ပန်းတိုင်ကို ရောက်ကောင်း ရောက်နိုင်ပါတယ်။ ဒါပေမယ့် ပန်းတိုင်တစ်ခုအတွက် အပင်ပန်းဆုံး ကြိုးစား ရယူခဲ့သူဟာ မိမိသာပဲ ဖြစ်နေလိမ့်မယ်။
သူငယ်ချင်းတို့ရေ………….
မိမိရဲ့ ပန်းတိုင်ကနေ နောက်တစ်လှမ်း ဆုတ်ဖို့နဲ့ ပြန်လည်ချင့်ချိန် တွက်ချက်ဖို့အတွက် မကြောက်ပါနဲ့။ ပန်းတိုင်ကို ခရီးရောက်သလောက်မှာ လိုအပ်လာရင် တည်းဖြတ်နိုင်၊ ပြင်ဆင်နိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်လို သဘောထားပါ။ မိမိတို့ ဘယ်လိုလျှောက်လျှောက် ပန်းတိုင်ရောက်ဖို့က အဓိကမို့ လိုအပ်သလို လျှောက်ဖို့နဲ့ ခေတ်ကို မျက်ကွယ်ပြု မထားဖို့ ပြောပါစေ။ ပန်းတိုင်ဆိုတာ စိတ်ချမ်းသာစရာ မှတ်တိုင်တစ်ခုဖြစ်လို့ ရယူဖို့ရာ ဘယ်တော့မှ တွန့်ဆုတ်မနေပါနဲ့။
ဘဝနဲ့ဆန္ဒ တသားတည်းကျပါစေ…………
လင်းမြတ်(ပန်းတောင်း)
စိတ်ချမ်းသာရေး နည်းလမ်းကောင်းများ ( ၇ )
အေးချမ်းမွန် Credit To >ဘဝအားမာန် < Thankhttps://www.facebook.com/excellencemedia
Post a Comment