0


Created on Friday, 29 November 2013 22:18

မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ကာလအတွင်း သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှုမှ ရရှိသည့် ၀င်ငွေများအား တစ်ဒေါ်လာလျှင် ခြောက်ကျပ်ဈေးနှုန်းဖြင့်သာ တွက်၍ နိုင်ငံ့ဂျီဒီပီထဲ ထည့်ဝင်ခဲ့ကြောင်း Arakan Oil Watch ၏ စစ်တမ်းအား ကိုးကား၍ နယ်သာလန်အခြေစိုက် TNI Report တွင် ထည့်သွင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် လက်ရှိအစိုးရ တက်လာပြီးနောက်ပိုင်း Unification of Exchange Rate System အား ပြောင်းလဲကျင့်သုံးခဲ့သောကြောင့် ယခင်က တရားဝင်ဈးကွက်တွင် တစ်ဒေါ်လာလျှင် ခြောက်ကျပ်သာရှိခဲ့သော အမေရိကန်ဒေါ်လာအား ပြင်ပဈေးကွက်ပေါက်ဈေးနှင့် တရားဝင်ပေါက်ဈေး အတူတူ ပြဋ္ဌာန်းနိုင်သောကြောင့် တစ်ဒေါ်လာလျှင် ကျပ် ၈၅၀ နှင့် ကျပ် ၉၀၀ ကြားတွင် တွက်ချက် သုံးစွဲလာခဲ့သည်။ ယင်းကာလမတိုင်ခင် အချိန်များအတွင်း မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့မှ ရရှိသောဝင်ငွေများအား ခြောက်ကျပ်ဖြင့်သာတွက်၍ မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

မကြာခင်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း တိုးတက်လာခဲ့ပြီး ၆ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိလာခဲ့ကြောင်း၊ ယင်းကဲ့သို့ တိုးတက်လာခဲ့ခြင်းမှာ သဘာဝဓာတ်ငွေ့ ရောင်းချမှုမှ ရရှိသော ၀င်ငွေများနှင့် ဆောက်လုပ်ရေးနှင့် ၀န်ဆောင်မှုပိုင်းမှ ရရှိသော ၀င်ငွေများကြောင့် ဖြစ်ကြောင်း ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ်၏ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှုမှ ရရှိသောဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၄ ဘီလျံရှိကြောင်းနှင့် ၂၀၁၁- ၂၀၁၂ ဘဏ္ဍာရေးနှစ်တွင်မူ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလျံ ရရှိခဲ့ကြောင်း သိရသည်။

"မြန်မာနိုင်ငံမှာ ၂၀၁၁ ရှေ့ပိုင်းကာလတွေမှာ အစိုးရအနေနဲ့ နိုင်ငံရဲ့ ဂျီဒီပီတို့ ဘတ်ဂျက်လိုငွေတို့နဲ့ ပတ်သက်ပြီး တိတိကျကျ ဘာမှမထုတ်ပြန်ဘူး။ ဒီအစိုးရသစ် တက်လာပြီးနောက်ပိုင်းမှာမှ ဘတ်ဂျက်လိုငွေတွေ ဘာတွေကို ထုတ်ပြန်ကြေညာတာပါ" ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ပြောကြားသည်။

ယင်းကဲ့သို့သော အနေအထားများကြောင့် ၂၀၁၁ ရှေ့ပိုင်းကာလများတွင် ငွေလဲနှုန်း နှစ်မျိုးဖြစ်နေသည့်အတွက် ယင်းအနေအထားတစ်ရပ်သည် လာဘ်ပေးလာဘ်ယူမှုနှင့် အလွဲသုံးစားမှုများအား လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်နေကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။

နယ်သာလန်အခြေစိုက် TNI ၏ ထုတ်ပြန်ချက်အရ လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များကို တင်ပို့ရောင်းချသော ၀င်ငွေသည် မြန်မာ့ဂျီဒီပီ၏ ၁၃ ရာခိုင်နှုန်း ရှိကြောင်း၊ လက်ရှိအခြေအနေတွင်မူ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်နေသည့် သဘာဝဓာတ်ငွေ့ စီမံကိန်းလေးခုရှိနေပြီး ပြင်သစ်နိုင်ငံ Total ရေနံကုမ္ပဏီအနေဖြင့် ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် လည်းကောင်း၊ ကိုရီးယားအခြေစိုက် ဒေ၀ူးကုမ္ပဏီအနေဖြင့် ရခိုင်ကမ်းလွန်ရှိ ရွေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် လည်းကောင်း၊ ထိုင်းနိုင်ငံမှ PTTEP ကုမ္ပဏီမှ မုတ္တမကမ်းလွန်ရှိ ဇောတိစီမံကိန်းတွင် လည်းကောင်း ရင်းနှီးမြှပ်နှံနေပြီး Petronas ကုမ္ပဏီမှာ မလေးရှား အခြေစိုက် စွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်ပြီး ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် လည်းကောင်း ရင်းနှီးမြုပ်နှံထားသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။

ရတနာ သဘာဝဓာတ်ငွေ့သိုက်မှ သဘာဝဓာတ်ငွေ့များအား တင်ပို့ရန် ပိုက်လိုင်းသွယ်တန်းနေစဉ်

အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/excellencemedia
5

Post a Comment

 
Top