Written by ညီအောင်ညီ
''ရွှေပင်နား ရွှေကျေး၊ ငွေပင်နား ငွေကျေး'' ဆိုသော မြန်မာစကားပုံတစ်ခု ရှိပါသည်။ လူတစ်ယောက်၏ ဘ၀ကို မြှင့်တင်ပေးသော၊ အရောင်တင်ပေးသော၊ ပတ်ဝန်းကျင်ကောင်း တစ်ခုကို ပုံဖော်ရည်ညွှန်းထားသော စကားပုံဖြစ်ပါသည်။ ''တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး'' ဆိုသော စကားပုံသည်လည်း ပတ်ဝန်းကျင်ကြောင့် အရောင်ပြောင်း သွားရသည့် အဖြစ်စနစ်များကို ညွှန်ပြထားသော ''စကားပုံ'' များပင် ဖြစ်ပါသည်။
ပတ်ဝန်းကျင် လူမှုအသိုင်းအ၀ိုင်း ဆိုသည်မှာ လူတစ်ယောက်အတွက် အရေးကြီးသော အဖွဲ့အစည်းတစ်ခု ဖြစ်လေသည်။ ထိုပတ်ဝန်းကျင် လူမှုအသိုင်းအ၀ိုင်းက လူတစ်ယောက်ကို အမြင့်ဆုံးထိ ရောက်အောင်လည်း ပြုစွမ်းနိုင်ပါသည်။ နိမ့်ကျသွားအောင်လည်း ပြုစွမ်းနိုင်ပါသည်။ ထို့ကြောင့် လူများစွာတို့သည် ''ပတ်ဝန်းကျင်ကောင်း'' ကို မက်မောတတ်ကြပြီး ''ပတ်ဝန်းကျင်ဆိုး'' ကို ရှောင်ကြဉ် တတ်ကြခြင်းပင် ဖြစ်သည်။
ပြီးခဲ့သည့် တစ်ပတ်က အသိမိတ်ဆွေ အန်တီကြီး တစ်ယောက်၏ နာရေးနှင့် ကြုံခဲ့ရသည်။ သူမသေခင်က သူ့ပတ်ဝန်းကျင်ကို ''စိတ်ပျက်'' နေခဲ့သည်။ သူ့မှာ ''အဆုတ်ရောဂါ'' ရှိသည်။ သေဆုံးသွားတော့လည်း ''လူမမာလို့'' ထင်ရက်စရာမရှိ။ ''၀၀ဖြိုးဖြိုးနှင့်'' ပင် သေဆုံးသွားခဲ့သည်။ သူ့အကြောင်းကို သိထားကြသော မိတ်ဆွေ သူငယ်ချင်းများက စိတ်မကောင်း ဖြစ်ခဲ့ကြရသည်။
သူ့ကို သတ်သွားသည့် အရာက အဆုတ်ရောဂါမဟုတ် ''သူ့ပတ်ဝန်းကျင်'' ပင် ဖြစ်သည်။ သူနေသော အိမ်ပတ်ဝန်းကျင်မှာ ဆူညံမှုတွေ များစွာရှိသည်။ ညှော်နံ့များစွာရှိသည်။ မကြာခဏ အချိန်မတော် ရန်ထဖြစ်တတ်သော စရိုက်ဆိုးများ ရှိကြသည်။ စီးပွားဖြစ် မွေးမြူကြသော တိရစ္ဆာန်များ၏ အနံ့အသက်များ ရှိသည်။ ထိုသို့သော ပတ်ဝန်းကျင်ကို တားဆီးဖို့ရာ သူ့အတွက် သတ္တိမရှိ။ အခြေခံ လူတန်းစားတွေပီပီ နေရာသစ် ရှာဖွေဖို့ရာကလည်း လွယ်ကူသည် မဟုတ်ပေး။ နောက်ဆုံး မတတ်သာသည့်အဆုံး 'ရသည့်ဈေးဖြင့်'' သူ့အိမ်လေးကို ရောင်းပြီး ပတ်ဝန်းကျင်ဆိုးကို သူရှောင်ရှား ခဲ့ရသည်။ ပတ်ဝန်းကျင် အသစ်ကို ရောက်သည့် အချိန်မှာတော့ သူဆုံးပါး သွားခဲ့သည်။ သူ့အဖြစ်ကို ကိုယ်ချင်းစာမိသည်။
ယနေ့လို အချိန်မျိုးမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို သတိပြုမိ လာကြသလို လူ့အဖွဲ့အစည်းအတွင်း နေထိုင်နေကြသော လူမှုပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း သတိပြုဖို့ လိုအပ်ပါသည်။ လူအချင်းချင်း ''လေးစားတတ်၊ စာနာထောက်ထား တတ်သော'' ဓလေ့များ တဖြည်းဖြည်း နည်းပါးလာသည်ကို သတိပြု ကြရပါသည်။ ယဉ်ကျေးသော လူမှုပတ်ဝန်းကျင်နှင့် တာဝန်ယူမှုရှိသော လူမှုပတ်ဝန်းကျင်များ ဖြစ်လာအောင် အားလုံးက ၀ိုင်းဝန်းဆောင်ရွက် ကြရပါမည်။
လူတိုင်း လူတိုင်းတွင် ကိုယ့်အခွင့်အရေး ရှိသလို သူ့အခွင့်အရေးလည်း ရှိပါသည်။ ယနေ့ခေတ်တွင် ကိုယ့်အခွင့်အရေး၊ သူ့အခွင့်အရေး နားလည်မှုများ နည်းပါးနေခြင်းများကြောင့် အဆင်မပြေမှုတွေ များစွာဖြင့် ကြုံတွေ့ နေရပါသည်။ ကိုယ့်အခွင့်အရေးက သူတစ်ဖက်သား၏ အခွင့်အရေးကို ချိုးဖျက်မိသလို ဖြစ်နေလျှင်လည်း မှန်ကန်သော အခွင့်အရေး ဖြစ်မည်မဟုတ်ပေ။
မိမိနေထိုင်ရာ ဒေသ၊ မြို့ရွာ၊ ရပ်ကွက်ကို ချစ်မြတ်နိုးသည်ဆိုလျှင် မိမိနေထိုင်ရာ ပတ်ဝန်းကျင်ကို အနှောင့်အယှက် မဖြစ်အောင်၊ မိမိ၏ လူမှုဝန်းကျင်ကို လေးစားတတ်အောင် နေထိုင်ကြရပါမည်။ ''ဥပမာ'' ပြောရလျှင် ဟင်းချက်ဖို့ ''ညှော်နံ့ထွက်ဖို့ရာ'' အကြောင်းရှိလျင် ပတ်ဝန်းကျင်ကို ''ညှော်ကြမယ်ဗျို့'' ဟု အသိပေးသည့် ဓလေ့များ ရှိနေသင့်ပါသည်။ မိမိ၏ ပတ်ဝန်းကျင်ကောင်း ပီသမှုကြောင့် ''ရောဂါရှိနေသူ'' တချို့ အညှော်နံ့ကို ရှောင်၍ ရသွားမည်။ ကလေးငယ်များ အနေဖြင့် အညှော်နံ့များ ကင်းလွတ် သွားပါလိမ့်မည်။ ပတ်ဝန်းကျင်ကို ဂရုစိုက်တတ်ရန် အသေးစိတ် ပြောပြခြင်းမျှသာ ဖြစ်ပါသည်။
တချို့တချို့သော ကိစ္စများမှာ ကာယကံရှင်အတွက် ''အသေးအဖွဲ'' ဟု ဆို၍ ရသော်လည်း တစ်ဖက်သား ပတ်ဝန်းကျင်အတွက် ''အကြီးကြီးတွေ'' ဖြစ်နေတတ်သည်ကို သတိပြုသင့်ပါသည်။ သက်ကြီးရွယ်အိုတွေ ပတ်ဝန်းကျင်မှာ ရှိသည်။ နာမကျန်း ဖြစ်နေသည့်သူတွေ ပတ်ဝန်းကျင်မှာရှိသည်။ အနာဂတ်ရဲ့ ရတနာလေးများ ဖြစ်ကြသော သားငယ် သမီးငယ် လေးများလည်း ပတ်ဝန်းကျင်တွင်ပင် ရှိနေသည်။ ကိုယ်ချင်းစာ တရားထား၍ သူတစ်ပါး အခွင့်အရေးကို မချိုးဖျက် မိစေအောင် မိမိအခွင့်အရေးကို အမြဲဆန်းစစ် ကြည့်သင့်ပါသည်။
ပွင့်လင်းလာသော မြန်မာ့လူ့ဘောင် အဖွဲ့အစည်းတွင်လည်း နိုင်ငံကြီးသား ပီသအောင်၊ ဒီမိုကရေစီ နိုင်ငံဆိုသော အသုံးအနှုန်းနှင့် ညီအောင် တာဝန်သိမှု၊ တာဝန်ယူတတ်မှုများ ထွန်းကားနိုင်အောင် ကြိုးစားကြရပါမည်။ ကိုယ့်အခွင့်အရေး သူ့အခွင့်အရေးကို ကွဲကွဲပြားပြား နားလည်အောင် ကြိုးစားကြရပါမည်။ ဆိုခဲ့ပါ သဘောတရားများ ရှိစေဖို့ရာ စိတ်ဓာတ်ကောင်းရှိဖို့ အဓိက ကျပါသည်။ စိတ်ဓာတ်ကောင်းများကို မွေးမြူကြရပါသည်။
တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ကြီးက ''စိတ်ကောင်းရှိဖို့ပထမ'' ဟု ဆုံးမထားခဲ့ပါသည်။ စိတ်ဓာတ်ကောင်းများ ရှိမှသာလျှင် စိတ်ဓာတ်ကောင်းများ ထွန်းကားမှသာလျှင် သာယာပျော်ရွှင်ဖွယ် ကောင်းသာလူ့ဘောင် အသိုင်းအ၀ိုင်းနှင့် ချမ်းမြေ့ ကြည်နူးဖွယ် ကောင်းသော လူမှုဝန်းကျင်ကို တွေ့မြင်ရမည် ဖြစ်လေသည်။ မိမိတို့ ကိုယ်တိုင်လည်း စိတ်ထားကောင်းများ ထားရှိဖို့ လိုအပ်သလို မိမိပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသည့် စိတ်ဓာတ် ကောင်းများကိုလည်း မွေးမြူကြရပါမည်။
လူဆိုသည်မှာ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းနှင့် စုစုစည်းစည်း နေတတ်ကြသူများ ဖြစ်သောကြောင့် မိမိပတ်ဝန်းကျင်ကို ချစ်မြတ်နိုးဖို့ ဂရုစိုက်နိုင်ဖို့ရာ လွန်စွာလိုအပ်ပါသည်။ မိမိကြောင့် မိမိပတ်ဝန်းကျင်ကို သာယာစေခဲ့သည်။ ဘေးကင်း စေခဲ့သည်ဆိုလျှင် အဖိုးမဖြတ်နိုင်သော ပျော်ရွှင်မှုများကို ရရှိမည် ဖြစ်လေသည်။
လူလူချင်း စာနာထောက်ထားခြင်း၊ လူသားတစ်ယောက်ဟာ ကျင့်ဝတ်ကို ပြည့်စုံစွာ ဖြည့်ကျင့်ခြင်း၊ သက်ရှိလောက၊ သက်မဲ့ လောကထဲမှာ အလှတရားများကို မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ခြင်းများသည် လူမှုလောကကို စောင့်ရှောက်ခြင်းပင် ဖြစ်သည်။ လူမှုပတ်ဝန်းကျင်ကို ချစ်မြတ်နိုးခြင်းပင် ဖြစ်လေသည်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးသည် အလွန်လိုအပ်သလို လူမှုပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလည်း လွန်စွာလိုအပ်ပါသည်။ ထို့ကြောင့် သင့်ပတ်ဝန်းကျင်ကို အနာတရ မဖြစ်အောင် သင့်ပတ်ဝန်းကို ဂရုစိုက်သင့်ပါသည်။ သင့်ပတ်ဝန်းကျင်ကို ချစ်မြတ်နိုး သင့်ပါသည်။
အေးချမ်းမွန် Credit To > Eleven Media Group
Post a Comment