0


(ဆောင်းပါးရှင် - ဒေါက်တာရန်မျိုးသိမ်း)

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသည် ကမ္ဘာ့နိုင်ငံများ အကြားတွင် အလွန်အမင်း ရေပန်းစားလျက် ရှိသည်။ စစ်အစိုးရမှ လက်ရှိအစိုးရသို့ အာဏာလွှဲပြောင်းမှုသည် သွေးထွက်သံယိုမှုကင်းပြီး စနစ်ကျနမှု ရှိလွန်းသည်ဟု ကောင်းချီးပေးသံများကလည်း ကျယ်လောင်လျက် ရှိနေသည်။ ကမ္ဘာ့နိုင်ငံများနှင့် အဖွဲ့အစည်းများသည် မြန်မာ့အပြောင်းအလဲကို ယထာဘူ တကျကျ ချဉ်းကပ်သုံးသပ်နိုင်ရန် လိုအပ်သည့်အပြင် အပြောင်းအလဲ၏ အားသာချက်များ၊ အားနည်းချက်များ၊ အခွင့်အလမ်းများ၊ ဘေးအန္တရာယ်များကိုလည်း စနစ်တကျ ဆန်းစစ်သုံးသပ်နိုင်ရန် လိုအပ်လျက် ရှိနေသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာ နောက်ပိုင်းမှစ၍ ထိုင်းနိုင်ငံ မဲဆောက်မြို့၌ ဖွင့်လှစ်ထားသော မယ်တော်ဆေးခန်းအား အထောက်အပံ့ပေးမှုကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း သြစတြေးလျ အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။ သြစတြေးလျ အစိုးရအဖွဲ့၏ နိုင်ငံခြားရေး မူဝါဒ အပြောင်းအလဲကို အကြောင်းပြုလျက် မယ်တော်ဆေးခန်း အပါအ၀င် ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် အဖွဲ့အစည်းများအား အထောက်အပံ့များ ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။ သြစတြေးလျ၏ မူဝါဒ အပြောင်းအလဲသည် နယ်စပ်တစ်လျှောက် ဒုက္ခသည်များ နေရပ်ပြန်ရေးကို တွန်းအားပေးမည့် မြန်မာအစိုးရ၏ မူဝါဒကို အထောက်အပံ့ ဖြစ်စေမည်မှာ ဧကန်မုချ ဖြစ်သည်။

သြစတြေးလျ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီမှ သတ်မှတ်ထားသော ယှဉ်ပြိုင်အဆိုပြုမှုများအတွက် လိုအပ်သည့် သတ်မှတ်ချက်များနှင့် မကိုက်ညီသဖြင့် အေဂျင်စီ အနေဖြင့် မယ်တော်ဆေးခန်းကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ နောက်ပိုင်းတွင် အထောက်အပံ့ ပေးတော့မည် မဟုတ်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လတွင် ဆုံးဖြတ်ခဲ့သည်။ မယ်တော်ဆေးခန်း အနေဖြင့် အခြားအဖွဲ့အစည်းများမှ နိုင်ငံတကာ အထောက်အပံ့ တစ်စုံတစ်ရာကို ထပ်မံမရရှိ နိုင်ပါက ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၊ ဒုက္ခသည်များနှင့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် တိုင်းရင်းသား လူမျိုးစုများအား ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်နေသည့် လုပ်ငန်းအချို့ကို ရပ်ဆိုင်းပစ်ရနိုင်သည့် အနေအထားနှင့် ရင်ဆိုင်နေရသည်ဟု မှတ်ချက်ပြုနိုင်သည်။

မယ်တော်ဆေးခန်း၏ ဘဏ္ဍာရေး လိုအပ်ချက်၏ လေးပုံတစ်ပုံကို သြစတြေးလျ အေဂျင်စီ၏ နှစ်စဉ်အထောက်အပံ့က ဖြည့်ဆည်းပေးပြီး အဆိုပါ အထောက်အပံ့များကို အိတ်ခ်ျအိုင်ဗွီ စောင့်ရှောက်မှု၊ ကလေးကျန်းမာရေး စောင့်ရှောက်မှုနှင့် သားဖွားဆရာများ လေ့ကျင့်သင်တန်းပေးမှု စသည့်စီမံချက်များတွင် အသုံးပြုလျက် ရှိသည်။ အထူးသဖြင့် နယ်စပ်ဒေသတစ်လျှောက် တိုင်းရင်းသား လူမျိုးစုများအား လူထုအခြေပြု ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးနေသည့် ကျန်းမာရေး လုပ်သားများအတွက်လည်း အရေးကြီးသော အထောက်အပံ့ ဖြစ်နေသည်ဟု သုံးသပ်နိုင်သည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အထောက်အကူ ဖြစ်စေရန် ရည်ရွယ်လျက် သြစတြေးလျ အစိုးရ အနေဖြင့် မယ်တော်ဆေးခန်း အပါအ၀င် နယ်စပ်အခြေစိုက် အန်ဂျီအိုများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို အထောက်အပံ့များ ဖြတ်တောက်ခြင်း၊ လျှော့ချခြင်းများ ပြုလုပ်သည်ဆိုလျှင် ခုတ်ရာတခြား၊ ရှရာတခြား ဖြစ်နိုင်ဖွယ် ရှိသည်။ အကယ်စင်စစ် နယ်စပ်ဒေသရှိ မယ်တော်ဆေးခန်း အပါအ၀င် အဖွဲ့အစည်းများအား အထောက်အပံ့ဖြတ်တောက်၊ လျှော့ချခြင်းကို အကြောင်းပြုလျက် အဓိကထိခိုက် နစ်နာဖွယ် ရှိသူများသည် ပြည်တွင်းစစ်ကြောင့် ဒုက္ခပင်လယ် ဝေနေသော တိုင်းရင်းသားများသာ ဖြစ်သည်ဟုလည်း မှတ်ချက်ပြုနိုင်သည်။

သြစတြေးလျ ၀န်ကြီးချုပ် တိုနီအက်ဘော့၏ ပြည်ထောင်စု ဘဏ္ဍာငွေ စိစစ်ရေး အစီအစဉ်အရ သြစတြေးလျ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနှင့် နိုင်ငံခြားဆက်ဆံရေးနှင့် ကုန်သွယ်ရေးဌာန နှစ်ခုတို့ကို ပူးပေါင်းလိုက်မှုသည်လည်း အထောက်အပံ့ ဖြတ်တောက်မှုများနှင့် ဆက်စပ်နေနိုင်သည်။ နိုဝင်ဘာ ၁ ရက်တွင် သြစတြေးလျ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီသည် ဘတ်ဂျက်အပါအ၀င် စီမံချက်များ အားလုံးကို နိုင်ငံခြား ဆက်ဆံရေးနှင့် ကုန်သွယ်ရေးဌာနကို လွှဲပြောင်းပေးခဲ့သည်။ အစိုးရ၏ နိုင်ငံခြားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်ရေးဆိုင်ရာ မူဝါဒများနှင့် စီမံချက်များကို ပိုမိုထိရောက် တွင်ကျယ်ကျစ်လျစ်စွာ ဖော်ဆောင်နိုင်ရန် အမျိုးသား အကျိုးစီးပွားကို ရှေးရှုလျက် ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ်ဒေသတွင် ဆောင်ရွက်နေသော အေဂျင်စီ၏ စီမံချက်များကို ဘက်မလိုက် လွတ်လပ်သော လေ့လာဆန်းစစ်မှုများ ပြုလုပ်ပြီးနောက် သြစတြေးလျ အစိုးရ အေဂျင်စီသည် ဒုက္ခသည်များ၏ လတ်တလောနှင့် ရှေ့လိုအပ်ချက်များအပေါ် အခြေပြုလျက် လာမည့်နှစ်နှစ်အတွင်း သြစတြေးလျ ဒေါ်လာရှစ်သန်းကို နယ်စပ်အခြေစိုက် အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှတစ်ဆင့် မြန်မာဒုက္ခသည်များအား အထောက်အပံ့ပေးရန် အတည်ပြုခဲ့သည်။

သြစတြေးလျ အစိုးရ၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီသည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်တော်ဆေးခန်းကို နှစ်စဉ်အမေရိကန်ဒေါ်လာ လေးသိန်းနှစ်သောင်း (ထိုင်းဘတ် ၁၃ သန်း) ထောက်ပံ့လျက်ရှိပြီး ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ဒုက္ခသည်များကို ၁၉၈၈ ခုနှစ်ကတည်းက ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိသော မယ်တော်ဆေးခန်း သို့မဟုတ် ကျောင်းသားဆေးခန်းသည် မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံကြီး၏ မှတ်တိုင်တစ်ခုလည်း ဖြစ်သည်။

မယ်တော်ဆေးခန်းတွင်၂၀၁၂ ခုနှစ်အတွင်း ရွှေ့ပြောင်းမြန်မာ အလုပ်သမားနှင့် ဒုက္ခသည် အများစု အပါအ၀င် လူနာတစ်သိန်း ငါးသောင်းကို ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ပြီး နယ်စပ်ဒေသနေ မြန်မာများ အတွက်သာမက ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ အောက်ခြေပြည်သူများ အတွက်လည်း အားကိုးအားထားရာ ဖြစ်သည်။ တိုင်းရင်းသား ပြည်သူလူထုသည် လက်နက်ကိုင် ပဋိပက္ခ နယ်မြေများရှိ မြေမြုပ်မိုင်းကွင်းများကို ဖြတ်သန်းလျက် မယ်တော်ဆေးခန်းကို လာရောက်ဆေးကုသမှု ခံယူလျက် ရှိနေသည်မှာလည်း အထင်အရှား ဖြစ်သည်။

နယ်စပ်အကူအညီပေးရေး ညွန့်ပေါင်းအဖွဲ့နှင့် အခြားအဖွဲ့အစည်းများ၏ မှတ်တမ်းများအရ ထိုင်းမြန်မာ နယ်စပ်ဒေသတွင် စာရင်းဝင် မြန်မာဒုက္ခသည် ဦးရေမှာ တစ်သိန်းငါးသောင်းနီးပါးရှိပြီး ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသော ရွှေ့ပြောင်းအလုပ်သမား ဦးရေသည် တစ်သန်းကျော်၊ တရားမ၀င် ရွှေ့ပြောင်းအလုပ်သမား ဦးရေသည် နှစ်သန်းနှင့် သုံးသန်းကြား ရှိသည်ဟု ဖော်ပြကြသည်။ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ဒုက္ခသည် မြောက်မြားစွာ ရောက်ရှိနေခြင်းသည် မြန်မာနိုင်ငံတွင်း နိုင်ငံရေး ကျပ်တည်းမှု၊ စီးပွားရေး ဆုတ်ယုတ်မှုတို့နှင့် အဓိက ဆက်စပ်နေသည့်အလျောက် ပြည်တွင်းနိုင်ငံရေးနှင့် စီးပွားရေး အခြေအနေများ အဆင်သင့် မဖြစ်မီ ပြည်တော်ပြန်ရေး စီမံကိန်းများ ချမှတ်အကောင်အထည် ဖော်ခြင်းသည် မှန်းချက်နှင့် နှမ်းထွက်လွဲနိုင်ဖွယ် ရှိနေသည်ဟုလည်း သုံးသပ်နိုင်သည်။

မြန်မာနိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲများ ကျင်းပပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းသည့် အစိုးရသစ် အနေဖြင့် အာဏာသုံးရပ်ကို စီမံခန့်ခွဲလျက် ရှိသော်လည်း ပြည်သူလူထု၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် လူနေမှု အဆင့်အတန်းတို့တွင် သိသာမြင်သာသော တိုးတက်မှုများ မရှိသည့်အပြင် အများပြည်သူ၏ နေ့စဉ်ဝင်ငွေ တိုးတက်မှု မရှိခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးခြင်း၊ နေထိုင်စားသောက် စရိတ်များ မြင့်တက်လာနေခြင်းတို့ကြောင့် ပြည်သူလူထုသည် ဆင်းရဲသထက် ဆင်းရဲလာနေသည်မှာ အထင်အရှား ဖြစ်သည်။ ထိုအခြေအနေများတွင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်များအား မြန်မာနိုင်ငံတွင်း နေရပ်ရင်း ဒေသများတွင် ပြန်လည်ရွှေ့ပြောင်း အခြေချနိုင်ရန် စီစဉ်မည်ဆိုသော အစိုးရ၏ စီမံချက်သည် လက်တွေ့ ကျ၊ မကျ ဆန်းစစ်ရန် လိုအပ်မည် ဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ်တွင် နေထိုင်လျက်ရှိသော မြန်မာဒုက္ခသည်များနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် မြန်မာနိုင်ငံတွင်း မိမိတို့၏ ဇာတိရပ်ရွာများတွင် ပြန်လည်အခြေချ နေထိုင်ရန် ဆန္ဒရှိကြမည်မှာ အသေအချာ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်း အခြေအနေများသည် နိုင်ငံရေးအရ အတန်အသင့် အဆင်သင့် ဖြစ်သည်ဟု ဆိုကောင်းဆိုလာ နိုင်သော်လည်း စီးပွားရေးအရ အဆင်သင့်ဖြစ်နိုင်ခြေ နည်းပါးသော အနေအထားတွင် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် ပြည်တော်ပြန်ရန် အခက်အခဲများ ရှိနေဦးမည်မှာ မလွဲဧကန်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံခြား တိုင်းပြည်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် ဖြစ်နိုင်ခြေနှင့် ဖြစ်တန်စွမ်းကို စနစ်တကျ ဆန်းစစ်လေ့လာပြီး အလှူငွေများ သဲထဲရေသွန်ဖြစ်မည့် အကျိုးဆက်ကို ကြိုတင်သုံးသပ် ဆင်ခြင်သင့်ကြောင်း ဆော်သြလိုပါသည်။

သြစတြေးလျ အစိုးရ အနေဖြင့် မယ်တော်ဆေးခန်းအား ပေးအပ်နေသည့် အထောက်အပံ့များ ရပ်ဆိုင်းမည့် ဆုံးဖြတ်ချက်ကိုလည်း ပြန်လည်သုံးသပ်ရန် လိုအပ်လျက်ရှိကြောင်း၊ သြစတြေးလျ အစိုးရ အပါအ၀င် နိုင်ငံတကာ အစိုးရများ အနေဖြင့် ပြည်တွင်းတွင် အဘက်ဘက်မှ အဆင်သင့် မဖြစ်သေးသော အခြေအနေ၌ မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်များအတွက် မရှိမဖြစ် လိုအပ်သော မယ်တော်ဆေးခန်းနှင့် အခြားအဖွဲ့အစည်းများအား နိုင်ငံတကာ အထောက်အပံ့များ ဖြတ်တောက်ခြင်း၊ လျှော့ချခြင်းတို့ကို အကောင်အထည် ဖော်မည်ဆိုလျှင် အဆိုပါ ဆုံးဖြတ်ချက်သည် ပကတိ အခြေအနေနှင့် ကင်းလွတ်သော၊ တစ်ဖက်သတ်ဆန်သော၊ မြန်မာအစိုးရဘက်ကိုသာ သာသာထိုးထိုး ဘက်လိုက်သော လုပ်ရပ်ဖြစ်နိုင်ကြောင်း၊ မြန်မာအစိုးရ အနေဖြင့်လည်း ပြည်တွင်းတွင် စီးပွားရေးအရ အဆင်သင့် မဖြစ်သေးသော အခြေအနေတွင် နယ်စပ်ဒေသနေ တိုင်းရင်းသားများနှင့် မြန်မာပြည်သူလူထု အကျိုးကို ရှေးရှုလျက် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ဒုက္ခသည်များအား မြန်မာနိုင်ငံတွင် ပြန်လည်အခြေချရေးကို အလျင်စလို မပြုလုပ်သင့်ပါကြောင်း အကြံပြု ဆော်သြလိုပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း လာမည့်နိုဝင်ဘာလကုန်ပိုင်း သွားရောက်မည့် သြစတြေးလျနိုင်ငံ ခရီးစဉ်အတွင်း မယ်တော်ဆေးခန်းအား အထောက်အပံ့ ဖြတ်တောက်ခဲ့မှု ကိစ္စနှင့် စပ်လျဉ်း၍ နယ်စပ်ဒေသနေ မြန်မာတိုင်းရင်းသားများနှင့် ရွှေ့ပြောင်းအလုပ်သမား သန်းပေါင်းများစွာ၏ အကျိုးကို ရှေးရှုလျက် သြစတြေးလျ အစိုးရ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းပြီး အထောက်အပံ့များ အပြည့်အ၀ သို့မဟုတ် တစ်စိတ်တစ်ဒေသ ပြန်လည်ရရှိနိုင်အောင် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိသည်။ ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့်လည်း ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ မြန်မာဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားများ အရေးနှင့် ပတ်သက်၍ နိုင်ငံခြား အစိုးရများနှင့် အဖွဲ့အစည်းများ၏ မြန်မာအစိုးရ၏ နေရပ်ရင်း ပြန်ပို့ရေး မူဝါဒကို အကြောင်းပြုလျက် အထောက်အပံ့များ လျှော့ချမှုများ၊ ဖြတ်တောက်မှုများကို စနစ်တကျ လေ့လာသုံးသပ်ကာ သဘောထား ထုတ်ပြန်ချက်တစ်ရပ် အလျင်အမြန် ထုတ်ပြန်သင့်သည်ဟုလည်း ထင်မြင်မိပါသည်။

နိဂုံး
အချုပ်အားဖြင့်ဆိုသော် မြန်မာအစိုးရ၏ မြန်မာဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားများအား နေရပ်ရင်းပြန်ပို့ရေး အစီအစဉ်သည် ရေရှည်အမြင်နှင့် ချဉ်းကပ်ရမည့် ကိစ္စဟု သုံးသပ်နိုင်သည်။ ပြည်တွင်းနိုင်ငံရေးနှင့် စီးပွားရေး အခြေအနေများ လိုက်လျောညီထွေ အဆင်သင့် မဖြစ်သေးသော အခြေအနေတွင် နေရပ်ရင်းပြန်ပို့မည့် အစီအစဉ်အား တက်သုတ်ရိုက် အကောင်အထည်ဖော်မည်ဆိုလျှင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအရ မလိုလားအပ်သော ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်ကိုလည်း ဆင်ခြင်သင့်သည်။ နေရပ်ရင်းပြန်ပို့မည့် အစီအစဉ် အောင်မြင်ရေးအတွက် မယ်တော်ဆေးခန်း အပါအ၀င် နယ်စပ်အခြေစိုက် အဖွဲ့အစည်းများအား အကူအညီ၊ အထောက်အပံ့များ ဖြတ်တောက်လျှော့ချရန် နိုင်ငံခြား တိုင်းပြည်များနှင့် အဖွဲ့အစည်းများအား ချဉ်းကပ်ဖျောင်းဖျ စည်းရုံးမှုများ ပြုလုပ်နေမည် ဆိုပါက အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် တိုင်းရင်းသား လူမျိုးစုများအကြား နားလည်မှု တည်ဆောက်ရေးတို့ကို ပိုမိုထိခိုက်လာနိုင်ခြေ ရှိနေသည်။ အစိုးရများနှင့် အဖွဲ့အစည်းများ၏ မူဝါဒ လွန်ဆွဲပွဲများကို အကြောင်းပြုလျက် မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် နေထိုင်နေရသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်များ၏ ရှေ့ရေးအနာဂတ် အလားအလာများ မှေးမှိန်လာမည်ကို စိုးရိမ်မိသည့်အလျောက် အစိုးရများ၊ အဖွဲ့အစည်းများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ဆော်သြစကား ပါးလိုက်ရပါသည်။

(သောင်ရင်းမြစ်ရေကြီးပြီးနောက် မြန်မာ-ထိုင်းနယ်စပ်ရှိ မြ၀တီရွှေ့ပြောင်း အလုပ်သမားများ၏ နေအိမ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ-ကိုရွှေသိန်း(မြ၀တီ)))

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top