0

ရန်ကုန်မြို့ရှိ ရွှေဂုံတိုင်လမ်းဆုံတွင် တည်ဆောက်လျှက်ရှိသော ရွှေဂုံတိုင် ခုံးကျော်တံတားတွင် ဒီဇင်ဘာ ၁ ရက်နေ့ လယ်ပိုင်းမှ စတင်၍ ယာဉ်များ ဖြတ်သန်းသွားလာခွင့် ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

"ရွှေဂုံတိုင် ခုံးကျော်တံတားကို ဒီဇင်ဘာ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်လောက်မှာ စတင်ဖြတ်သန်းခွင့် ပေးသွားပါမယ်"ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရွှေဂုံတိုင် ခုံးကျော်တံတားအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ပန္နက်တင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ချိန် တစ်နှစ်ခန့်အကြာတွင် ပြီးစီးနေပြီ ဖြစ်သောကြောင့် စတင်အသုံးပြုခွင့် ရရှိခဲ့ခြင်းဖြစ်ကာ ယာဉ်ကြောပိတ်ဆို့မှုများ သက်သာခြင်း ရှိ မရှိမှာ စောင့်ကြည့်ရမည့် အနေအထား ဖြစ်သည်။

ရွှေဂုံတိုင် ခုံးကျော်တံတားသည် သံကူ ကွန်ကရစ်အမျိုးအစား လေးလမ်းသွား တံတားဖြစ်ပြီး တံတား၏ အမြင့်ဆုံးခံနိုင်ဝန် တန် ၆၀ ရှိကြောင်း၊ တံတားအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြီးကြပ်ကွပ်ကဲကာ Capital Development Co.Ltd မှ တာဝန်ယူ ဆောက်လုပ်ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းစေရန် ရည်ရွယ်၍ ယာဉ်ကြောပိတ်ဆို့မှု အများဆုံးဖြစ်သော လှည်းတန်းလမ်းဆုံ၊ ရွှေဂုံတိုင်လမ်းဆုံနှင့် ဘုရင့်နောင်လမ်းဆုံတို့တွင် ခုံးကျော်တံတား တည်ဆောက်ခဲ့ပြီး လှည်းတန်း ခုံးကျော်တံတားကို ပထမဆုံးစတင်ခဲ့ပြီး ယခုနှစ် ဧပြီလအတွင်းက စတင်အသုံးပြုခွင့် ရရှိခဲ့သည်။ ဘုရင့်နောင် ခုံးကျော်တံတား နှစ်စင်းကိုလည်း လက်ရှိအသုံးပြုခွင့် ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ရွှေဂုံတိုင် ခုံးကျော်တံတားအတွက် ငွေကျပ် ၁၃ ဒသမ ၃၈၀ ဘီလျံ အသုံးပြုရန် လျာထားခဲ့သည်။

(ရွှေဂုံတိုင် ခုံးကျော်တံတားအား နိုဝင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်))

အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/excellencemedia
1

Post a Comment

 
Top