0


မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကာလ၌ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမ တစ်လျှောက်တွင် ရဲတပ်ဖွဲ့ဝင် အင်အား ၅၀၀ ကျော်ဖြင့် လုံခြုံရေးကို အထူးတင်းကျပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီးနေ၀င်းက နိုဝင်ဘာ ၂၂ ရက်ညနေပိုင်းတွင် ပြောကြားသည်။

ထို့ပြင် အမြန်လမ်းတစ်လျှောက်၌ ယာဉ်တိမ်းမှောက်မှုများ၊ ယာဉ်တိုက်မှုများနှင့် ဆက်စပ်မှုခင်း ဖြစ်စဉ်များ ဖြစ်ပွားလာပါက ဆောင်ရွက်ရန်အတွက် လူနာတင်ယာဉ်များ၊ မီးသတ်ယာဉ်များနှင့် ကရိန်းယာဉ်များကို အရန်သင့် ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမတွင် ယာဉ်တိုက်မှု ဖြစ်စဉ်များနှင့် အခြားမှုခင်းဖြစ်စဉ်များ ဖြစ်ပွားလာပါက အမြန်ဆုံး ထိန်းသိမ်းဆောင်ရွက်ရန်နှင့် အခင်းဖြစ်ပွားရာ နေရာအား အမြန်ဆုံး သွားရောက်နိုင်ရန်အတွက် ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်နေကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

"အမြန်လမ်းတစ်လျှောက်မှာ ရဲစခန်း ၁၅ ခုရှိတယ်။ ဒါ့အပြင် ရဲကင်းတွေလည်း အများအပြား ထားရှိလာတယ်။ အကယ်၍ အကြောင်းတစ်စုံတစ်ရာ ဖြစ်ခဲ့မယ်ဆိုရင် သတင်းရပြီး သုံးမိနစ်ကနေ ၁၀ မိနစ်အတွင်း သွားရောက် ကူညီနိုင်ဖို့ ကြိုတင် စီစဉ်ထားတယ်။ ရဲစခန်းတစ်ခုမှာ ခေတ်မီ လူနာတင်ယာဉ် တစ်စီးစီ ထားရှိထားတယ်။ မီးသတ်ကား ငါးစီးနဲ့ ကရိန်းယာဉ် သုံးစီးကိုလည်း ကြိုတင် စီစဉ်ထားပါတယ်။ လုံခြုံရေး ဆောင်ရွက်ရာမှာ ခေတ်မီ စက်ကိရိယာတွေနဲ့ ရဲတပ်ဖွဲ့ ၀တ်စုံတွေကိုလည်း ဖြည့်ဆည်းထားပါတယ်" ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး နေ၀င်းက နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းတွင် ပြောကြားသည်။
အမြန်လမ်း ရဲတပ်ဖွဲ့အနေဖြင့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မီးရှူးတိုင် သယ်ယူရေး၌ လမ်းလုံခြုံရေး ဆောင်ရွက်မှုကို အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါအမြန်လမ်းမတွင် လစဉ် ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်အရေအတွက် ၃၀ ၀န်းကျင် ဖြစ်ပွားနေကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

(အမြန်လမ်းမ တစ်နေရာအား မေလအတွင်းက မြင်တွေ့ရစဉ်(ဓာတ်ပုံ- အောင်မျိုးသန့်)
)

အေးချမ်းမွန် Credit To >Eleven Media Group

Post a Comment

 
Top