ရေးသားသူ- အေးမြတ်သူ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ မိုးမလုံသောနေအိမ်လေးကို သုံးနှစ်အတွင်းပြုပြင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၀၇ နှစ်ကုန်ပိုင်းမှစ၍ အသက် ၂၂ နှစ်အရွယ် သိန်းကျော်ဦးတစ်ယောက် ရန်ကုန်မြို့သို့ အလုပ်လုပ်ရန် ထွက်လာခဲ့သည်။ သို့သော် သူ၏ရည်ရွယ်ချက်မှာ လက်ရှိအချိန်ထိ အကောင်အထည်မပေါ်သေးပါ။
သူ၏နေရပ်တွင် တောထဲထင်းခွေသည့်အလုပ်မှအပ အခြားဝင်ငွေကောင်းကောင်းရသည့် အလုပ်မှာ သူ့အတွက်မရှိပေ။ ထို့ကြောင့် ရန်ကုန်မြို့သို့ဆင်းလာပြီး ဖိနပ်စက်ရုံတစ်ခုတွင် ၂၀၀၈ ခုနှစ်မှစ၍ လုပ်ကိုင်ခဲ့သည်။
လစာသုံးသောင်းခွဲဖြင့် စတင်လုပ်ကိုင်ခဲ့ပြီး ခြောက်နှစ်ခန့်အကြာ ယခုအခါ လုပ်ခလစာ ခုနစ်သောင်းခွဲခန့် ရရှိနေပြီဖြစ်သည်။ ငါးနှစ်အတွင်း လစာနှစ်ဆတိုးခဲ့သော်လည်း လက်ရှိရနေသည့်လစာမှ အသုံးစရိတ်ဖယ်လိုက်ပါက အနည်းငယ်သာ အိမ်သို့ပို့နိုင်သည်။ ထို့ကြောင့် အိပ်မက်ထဲမှ အိမ်ဆောက်ရန်မှာလည်း ယနေ့အချိန်အထိ ဆန္ဒမပြည့်နိုင်သေး။
“ဒီမှာခြောက်နှစ်လောက် လုပ်နေပေမယ့် အိမ်တစ်လုံးပြန်ဆောက်ဖို့ နေနေသာသာ စားနိုင်ဖို့ လောက်ငရုံလောက်ပဲ မိသားစုကိုပို့နိုင်သေးတာ”ဟု အသက် ၂၉ နှစ်အရွယ် ကိုသိန်းကျော်ဦးက ပြောသည်။
ရန်ကုန်မြို့ရှိ စက်မှုဇုန်အတွင်းတွင် စက်ရုံတွင်အလုပ်လုပ်ကိုင်လျက်ရှိသော လုပ်သားများတွင် ကိုသိန်းကျော်ဦးကဲ့သို့ နယ်မှလာရောက်လုပ်ကိုင်သူ အများဆုံးဖြစ်သည်။ ၎င်းတို့အနက် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့မှ လာရောက်လုပ်ကိုင်သူပိုများသည်။ လက်ရှိ စက်ရုံလုပ်သားများသည် တစ်လလျှင် အခြေခံလစာငွေ ကျပ်နှစ်သောင်းခွဲမှ သုံးသောင်းခွဲအတွင်းသာ ရရှိလျက်ရှိပြီး ခေတ်သစ်ကျွန်ပြုခံနေရသည့်ပုံစံသို့ ရောက်ရှိနေကြောင်း ပြည်တွင်းအလုပ်သမားရေး ဆောင်ရွက်လျက်ရှိသည့် Labor Right Clinic မှ စစ်တမ်းပြုလုပ်ပြီးနောက် ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
လက်ရှိ လုပ်သားတစ်ဦးလျှင် ထမင်းနှစ်နပ်၊ မုန့်ဖိုး၊ ခရီးစရိတ်ကို ဈေးအသက်သာဆုံးသုံးလျှင်ပင် တစ်နေ့အသုံးစရိတ် ကျပ် ၁၅၀၀ နှင့်အထက် ကုန်ကျလျက်ရှိသည်။ ထို့ကြောင့် ၎င်းတို့သည် မိမိအသုံးစရိတ်အပါအ၀င် မိသားစုတို့အား ပြန်လည်ထောက်ပံ့နိုင်ရန်အတွက် အချိန်ပိုရသလောက် ဆင်းကြလေ့ရှိသည်။
အလုပ်ရှင်များဘက်မှ လုပ်သားများကို လုပ်ခလစာပေးမှုပုံစံအများစုမှာ အခြေခံလစာနည်းပါးစွာပေးပြီး အခြားခံစားခွင့်များကို ခေါင်းစဉ်များစွာတပ်ကာ ကုန်ထုတ်စွမ်းအားပေါ်မူတည်၍ ပေးလေ့ရှိသည်။ အခြားခံစားခွင့်များအဖြစ် ရက်မှန်ကြေး၊ အချိန်ပိုကြေး၊ ကုန်ထုတ်လုပ်နိုင်မှုအပေါ်မူတည်ကာ ထည့်သွင်းပေးလျက်ရှိသည်။
ယခင်အာဏာရှင်စနစ်မှ ယခုဒီမိုကရေစီအစိုးရလက်ထက် ပြောင်းလဲလာခဲ့ပြီးနောက် ခေတ်စနစ်ပိုမိုပွင့်လင်းလာသောအခါ ၂၀၁၂ ခုနှစ် စက်ရုံလုပ်သားများသည် လုပ်အားခနည်းပါးစွာ ရရှိနေမှုအပါအ၀င် ၎င်းတို့အခွင့်အရေး ဆုံးရှုံးမှုများကို အလုပ်ရှင်သို့ တိုက်ရိုက်တောင်းဆိုကာ ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။
ထိုသို့နေရာအနှံ့ လုပ်ခလစာတိုးမြှင့်တောင်းမှုများ ပေါ်ပေါက်လာခဲ့ခြင်း၊ အာဆီယံစီးပွားရေးအသိုက်အ၀န်း စတင်လျှင် လုပ်သားများ၏လစာများ တိုးမြှင့်ပေးရမည့် အခြေအနေတို့ကြောင့် အစိုးရက စက်ရုံလုပ်သားများ အနိမ့်ဆုံးအခြေခံလစာနှုန်းထား သတ်မှတ်ပေးရန် အနည်းဆုံးအခကြေးငွေဥပဒေအား ယခုနှစ် ဇူလိုင် ၁၂ ရက်တွင် ပြဋ္ဌာန်းခဲ့သည်။ ဥပဒေအရ အနည်းဆုံးအခကြေးငွေဆိုင်ရာ အမျိုးသားကော်မတီအား ယာယီဖွဲ့စည်းပေးခဲ့ပြီးနောက် အလုပ်ရှင်အလုပ်သမားကိုယ်စားလှယ်များကို နှုန်းထားသတ်မှတ်နိုင်ရန် အစိုးရမှ သုံးကြိမ်တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံခဲ့ရာတွင် လက်ရှိဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပေါ်လျက်ရှိသည့် လက်ခစား(CMP)လုပ်ငန်းမှ အလုပ်ရှင် အလုပ်သမားကိုယ်စားလှယ်များကို နိုဝင်ဘာ ၂၂၊ ၂၃ ရက်တွင် အစိုးရက ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုတွေ့ဆုံပွဲတွင် အလုပ်သမားများဘက်က အခြေခံလုပ်ခငွေအတွက် တစ်ရက်လျှင် ကျပ် ၅၆၀၀ အဖြစ် သတ်မှတ်ပေးရန် အများစုတောင်းဆိုခဲ့သော်လည်း အလုပ်ရှင်ဘက်မှ ၂၀၀၀ ကျပ်ထိသာ ပေးလိုကြောင်း ပြန်လည်ပြောကြားခဲ့ကြသည်။
အလုပ်သမားအများစုက လုပ်ခလစာအား တိုးမြှင့်သတ်မှတ်လျှင်လည်း ကုန်ဈေးနှုန်းတက်လာမည့် အနေအထားကြောင့် နဂိုရရှိနေသည့် လုပ်ခလစာထက် အနည်းငယ်ပိုရရှိပါက ၎င်းတို့အတွက် ထူးမခြားနားသာဖြစ်လာမည်ဖြစ်ကြောင်း ပြောသည်။
အလုပ်သမားအများစုမှာ များသောအားဖြင့် နယ်မှလာရောက်လုပ်ကိုင်သူများဖြစ်သည့်အတွက် နေရေးထိုင်ရေးနှင့် အစားသောက်တို့သည် အဓိကအခက်အခဲများဖြစ်နေပြီး အထူးသဖြင့် ယခင်ကထက် နေစရိတ်ကြီးလာသည်။
အချို့သောစက်ရုံတို့မှ အဆောင်များစီစဉ်ပေးသော်လည်း ထိုအဆောင်များတွင် လုပ်သားအနည်းငယ်သာ ထားနိုင်သည်။ ထို့ကြောင့် လက်ရှိတောင်းဆိုထားသည့် တစ်ရက်လုပ်ခ ကျပ် ၅၆၀၀ ရရှိပါက မိသားစုတို့ကို ပြန်လည်ထောက်ပံ့နိုင်သည့် အနေအထားမျိုးရရှိနိုင်ကြောင်း လုပ်သားများကဆိုသည်။
“အခုတောင်းထားတဲ့ ၅၆၀၀ နှုန်းထားကို အလုပ်ရှင်တွေဘက်က ပေးမယ်ဆိုတာ မဖြစ်နိုင်သေးပါဘူး။ နှုန်းထားအတည်ဖြစ်ဖို့ကလည်း ကြာအုံးမယ်ထင်တယ်။ အခုရနေတဲ့ လစာငွေကို အိုတီအပါအ၀င် ခံစားခွင့်ကြေးတွေရော ပေါင်းထားတဲ့ တစ်သိန်းနှစ်သောင်းလောက် (တစ်ရပ် ၄၀၀၀) ပေးရင် ကျေနပ်တယ်။ အလုပ်သမားတွေဘက်က သက်သက်သာသာနဲ့ရမယ့် ပုံစံမျိုးပေါ့။ တော်ကြာ ဒီထက်နှုန်းထား တက်သွားရင်လည်း ကုန်ဈေးနှုန်းကလိုက်သွားရင် ဘာမှမထူးဘဲ ဖြစ်နေမှာပဲ ကြောက်တယ်”ဟု ကိုသိန်းကျော်ဦးက သူ၏အမြင်ကိုပြောသည်။
စံကောင်းပီနံအိတ်စက်ရုံမှ အလုပ်သမားဖြစ်သူ ကိုအောင်ကျော်ထက်က “အနည်းဆုံးအခကြေးငွေကို အ၀င်အထွက်မျှတဲ့ နှုန်းထားပဲဖြစ်စေချင်တာ။ အခုရတဲ့ တစ်သိန်းနှစ်သောင်းလောက်ကိုပဲ အခြေခံလစာအနေနဲ့ပေးရင် မိသားစုကို ပြန်ထောက်ပံ့နိုင်လောက်မှာပါ။ အခု အနေအထားကတော့ ဘာမှမကျန်ဘူး”ဟု ပြောသည်။
“အလုပ်သမားတွေအနေနဲ့ အဲဒီအနည်းဆုံး အခကြေးငွေဥပဒေကို ပြန်လေ့လာစေချင်တယ်။ အဲဒီထဲမှာ ဘယ်အပိုဒ်က ဘာတွေဖော်ပြထားတယ်ဆိုတာ။ အခု ၅၆၀၀ ကို တောင်းတယ်ဆိုတာ နည်းနည်းများနေသလို ဖြစ်နေတဲ့အတွက် ရပ်တည်တဲ့အခြေခံက မှားနေလို့ ဥပဒေကို ပြန်လေ့လာပါလို့ ပြောချင်တယ်”ဟု အထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးကပြောသည်။
အနိမ့်ဆုံးအခကြေးငွေ သတ်မှတ်ရာတွင် အစိုးရက အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO)နှင့် မြန်မာဖွံ့ဖြိုးမှုအရင်းမြစ်အဖွဲ့(MDRI)တို့ ပူးပေါင်းကာ နှုန်းထားသစ်သတ်မှတ်နိုင်ရန် မြေပြင်စစ်တမ်း ကောက်ခံမှုများကို ပြုလုပ်သွားမည်ဖြစ်ပြီး လိုအပ်သည့် အချက်အလက်များကို ၎င်းတို့အဖွဲ့မှ အကြံပြုပြောကြားသွားမည်ဟု ဆိုပါသည်။
MDRI အဖွဲ့မှ အကြီးတန်းသုတေသနပညာရှင် ဒေါက်တာအောင်သူငြိမ်းက အနည်းဆုံးအခကြေးနှုန်းထားသတ်မှတ်ရာတွင် အလုပ်သမားများ အာဟာရချို့တဲ့မှုမရှိစေရန်နှင့် ဆင်းရဲတွင်းလွတ်မြောက်နိုင်ရန် ၎င်းတို့၏မိသားစုဝင် အနည်းဆုံးလေးဦးအပေါ် အခြေခံ၍စဉ်းစားသင့်ကြောင်း အနည်းဆုံးအခကြေးငွေနှုန်းထား အလုပ်ရှင်အလုပ်သမား ဆွေးနွေးသည့်ပွဲတွင် အကြံပြုခဲ့သည်။
သို့သော် အလုပ်ရှင်များဘက်တွင်လည်း ယခုလောလောဆယ် အကျိုးအမြတ်များစွာမရသေး၍ အလုပ်သမားများတောင်းဆိုသော လခပေးရန် အခက်အခဲရှိသည်ဟု ဆိုကြသည်။ လက်ရှိအနေအထားတွင် အခြားနိုင်ငံများနှင့်နည်းတူ အော်ဒါလက်ခံရရှိမှုအား တင်ဒါစနစ်ဖြင့် လေလံဆွဲရသည့်အတွက် လုပ်သားများတောင်းဆိုသော လုပ်ခလစာ ၅၆၀၀ ကျော်အား ပေးနိုင်ရန်အခက်အခဲရှိကြောင်း အလုပ်ရှင်များကပြောကြားသည်။
“အဲဒီနှုန်းထားလောက် ပေးနိုင်ဖို့က အလုပ်ရှင်က သူ့ရဲလုပ်ငန်းအောင်မြင်မှုနဲ့ပဲဆိုင်မယ်။ အားလုံးတန်းတူကြီးဖြစ်ဖို့ထိတော့ မဖြစ်နိုင်သေးဘူး”ဟု ကုန်သည်စက်မှုအသင်းချုပ်မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးဆန်းလင်းကပြောသည်။
သို့သော် ယခုအခါပြည်တွင်းတွင် အထည်ချုပ်စက်ရုံပေါင်း ၂၇၀၀ ကျော်ရှိပြီး ယခုနှစ်အတွင်းမှာပင် အထည်ချုပ်စက်ရုံပေါင်း ၅၀ ခန့် တိုးလာသည်။ ထို့အပြင် အစိုးရသစ်လက်ထက်တွင် ဥရောပနှင့် အမေရိကန်မှ ပိတ်ဆို့မှုများ ဖယ်ရှားပေးခဲ့ပြီးနောက် အထည်ချုပ်လုပ်ငန်းမှ ပြည်ပတင်ပို့မှုမှာ နှစ်စဉ်တိုးတက်နေပြီး ယခုဘဏ္ဍာနှစ်မကုန်မီ ဒေါ်လာသန်း ၄၀၀ တန်ဖိုး ပြည်ပသို့ တင်ပို့ထားသည်။
အနည်းဆုံးအခကြေးငွေနှုန်းထား သတ်မှတ်မှုနှင့်ပတ်သက်၍ အစိုးရမှ အဆင့်ငါးဆင့်သတ်မှတ်ထားရာ ယခုအခါ ဒုတိယအဆင့်ရောက်ရှိနေသည်။ ပထမအဆင့်မှာ အမျိုးသားကော်မတီ၊ ပြည်နယ်/တိုင်း ကော်မတီများ ဖွဲ့စည်းခြင်း၊ ဒုတိယအဆင့်တွင် နှုန်းထားသတ်မှတ်ရန် အလုပ်ရှင်အလုပ်သမားကိုယ်စားလှယ်များ တွေ့ဆုံညှိနှိုင်းခြင်း၊ တတိယအဆင့်မှာ တိုင်း/ပြည်နယ်တို့တွင် နှုန်းထားအတည်ပြုသတ်မှတ်ခြင်း၊ စတုတ္ထအဆင့်တွင် အတည်ပြုသတ်မှတ်သော နှုန်းထားငွေကြေးအား တစ်နိုင်ငံလုံး အသိပေးကြေညာပြီး ကန့်ကွက်လိုပါက ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်ရန်ကြေညာခြင်းနှင့် နောက်ဆုံးပဉ္စမအဆင့်မှာ အနိမ့်ဆုံးအခကြေးငွေကို တရားဝင်ထုတ်ပြန်ပြဋ္ဌာန်းမည်ဖြစ်သည်။
အနည်းဆုံး အခကြေးငွေနှုန်းထားသတ်မှတ်ရာတွင် တိုင်း/ ပြည်နယ်ဒေသအသီးသီးရှိ လုပ်သားများရရှိမည့် လုပ်ခနှုန်းထားမှာ တူညီမည်မဟုတ်ဘဲ ဒေသအလိုက်၊ လုပ်ငန်းအမျိုးအစားအလိုက် ကွဲပြားမည်ဖြစ်သည်။
လုပ်ငန်းခေါင်းစဉ်များ ခွဲခြားကာပေးမှုအပေါ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်မှ အထက်တန်းစီမံချက်အရာရှိ မစ္စတာရစ်တစ်ရှ်စာနာက “လုပ်ငန်းကဏ္ဍ ၂၁ ခုရယ်၊ ပြည်နယ်/တိုင်း ၁၄ ခု အားလုံးပေါင်းရင် စံချိန်စံနှုန်းက မြန်မာနိုင်ငံတစ်ခုတည်းမှာပဲ အနိမ့်ဆုံးလုပ်ခ ခေါင်းစဉ်ပေါင်းသုံးရာကျော် ထွက်လာပါလိမ့်မယ်။ လုပ်ငန်းစဉ်အကောင်အထည်ဖော် အသက်ဝင်ဖို့ အခက်အခဲရှိလာနိုင်တယ်”ဟု သုံးသပ်ပြောကြားသည်။
ပြည်တွင်းတွင် အနည်းဆုံးအခကြေးငွေနှုန်းထား သတ်မှတ်ပုံစံအား အိုင်အယ်လ်အိုက မြို့ပြနှင့်ကျေးလက်ဒေသတို့ကို ပျမ်းမျှအားဖြင့် ခွဲခြားသတ်မှတ်သွားသင့်ကြောင်း အကြံပြုပြောကြားထားသည်။ အနိမ့်ဆုံးအခကြေးငွေနှုန်းထား အမြန်ဆုံးအကောင်အထည်ဖော်ရန် ဆုတောင်းနေကြသူများအနက် ကိုသိန်းကျော်ဦးလည်း တစ်ယောက်အပါအ၀င် ဖြစ်သည်။
“ကျွန်တော်အရင်ကတော့ အဆင်ပြေရင် နယ်ပြန်ပြီး မိဘတွေနဲ့အတူ အလုပ်ပြန်လုပ်ဖို့ စဉ်းစားပေမယ့် အခုတော့ ကျွန်တော် နယ်မပြန်တော့ဘဲ ကျွန်တော်တို့လို အခွင့်အရေးဆုံးရှုံးနေတဲ့ လုပ်သားတွေကိုကူညီပြီး အတူဆောင်ရွက်သွားဖို့ ရည်ရွယ်ချက်ပြောင်းသွားပြီ”ဟု ကိုသိန်းကျော်ဦးကပြောပါသည်။
ဓာတ်ပုံ- နစ်ကီ
အေးချမ်းမွန် Credit To >7Day News Journal

Post a Comment