လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူလူထု လိုလားချက်နှင့်အညီ ပြင်ဆင်ရေးဆွဲရန် လိုအပ်ကြောင်း၊ သို့မှသာ အာဆီယံ ဥက္ကဋ္ဌတာဝန်ကို တည်ငြိမ်အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် သူရဦးအောင်ကိုက ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစ၍ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ရမည်ဖြစ်ပြီး အာဆီယံနိုင်ငံများကလည်း ၂၀၁၅ ခုနှစ်တွင် လွတ်လပ်၍ တရားမျှတသော ဒီမိုကရေစီ ရွေးကောက်ပွဲများ ကျင်းပပေးရန် မျှော်လင့်နေကြောင်း၊ ထိုသို့ ဆောင်ရွက်ရန်အတွက် အခြေခံလိုအပ်ချက်ဖြစ်သော လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူလူထုလို လားချက်နှင့်အညီ ပြင်ဆင်ရေးဆွဲရန် လိုအပ်လာကြောင်း၊ သို့မှသာ အာဆီယံဥက္ကဋ္ဌ တာဝန်ကို တည်ငြိမ်အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သူရဦးအောင်ကိုက ပြောကြားသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က သဘောတူမှ ပြင်ဆင်နိုင်မည်ဖြစ်သောကြောင့် ပြင်ဆင်ရန် အလွန်ခက်ခဲသော ဖွဲ့စည်းပုံ အခြေခံဥပဒေ အမျိုးအစားတွင် ပါဝင်ကြောင်း၊ ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် ကိုက်ညီသော အခြေခံဥပဒေဖြစ်ရန် ပြင်ဆင်မည်ဆိုပါက ယင်းအချက်ပါဝင်သည့် ပုဒ်မ ၄၃၆(က)နှင့်(ခ)ကို ဖြေလျှော့နိုင်ရန် ဦးစွာ ပြင်ဆင်ရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ဆိုသည်။
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပုဒ်မ ၄၃၆။ (က) ဤဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း(၁)ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂)ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း(၄)ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅)ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆)ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း(၁၁)ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း(၁၂)ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်၊ (ခ)ပုဒ်မ ခွဲ(က)တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက် များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ဖော်ပြထားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် လွှတ်တော်တွင်းရှိ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် ၎င်းတို့၏ အဓိက ရည်ရွယ်ချက်ဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို မထိခိုက်နိုင်သော ပြင်ဆင်မှုများကို ကန့်ကွက်လိမ့်မည်ဟု မယူဆကြောင်းလည်း သူရဦးအောင်ကိုက ပြောကြားသည်။
ထို့အပြင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအပါအ၀င် လွှတ်တော် ကိုယ်စားလှယ်အားလုံး ကတိသစ္စာပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ခြင်းဆိုသည်မှာ ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်းသာ ဖြစ်သောကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုအပ်သောအချိန်တွင် ပြင်ဆင်ရမည် ဖြစ်ကြောင်းလည်း ကန်ပက်လက် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောကြားသည်။
လက်ရှိတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီတွင် ပါဝင်သည့် ပြည်ခိုင်ဖြိုးပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များကို အဖွဲ့ဝင် ၁၀ ဦးစီပါဝင်သော အဖွဲ့များဖွဲ့စည်း၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို
အခန်းအလိုက် အသေးစိတ်လေ့လာလျှက် ရှိကြောင်း သိရသည်။
(နိုဝင်ဘာ ၁၈ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် အင်န်အယ်လ်ဒီပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့သဘောထားရယူပွဲ၌ တက်ရောက်လာသူများက ဖွဲ့စည်းပုံပြင်ဆင်ရေး လက်ထောင်ဆန္ဒပြုနေစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)
)
အေးချမ်းမွန် Credit To > Eleven Media Grouphttps://www.facebook.com/excellencemedia

အေးချမ်းမွန် Credit To > Eleven Media Group
Post a Comment