0
ဘန်ကောက်၊ နိုဝင်ဘာ ၂၈

ပါလီမန်တွင် ယင်းလပ်အစိုးရကို အယုံအကြည်မရှိ အဆိုတင်သွင်းသဖြင့် မဲခွဲဆုံးဖြတ်ခဲ့ရာ ယင်းလပ်၏ အာဏာရ ဖေ့အ်ထိုင်း အင်အားစုက အနိုင်ရရှိ သွားပြီးနောက် ယင်းလပ်ရှင်နာဝပ်က ရုပ်သံမိန့်ခွန်း ပြောကြားခဲ့ကာ လမ်းမပေါ် ဆန္ဒပြပွဲများ ရပ်တန့်ကြပါရန် ပြောဆိုသွားကြောင်း BBC သတင်းက ဖော်ပြထားသည်။

ဆန္ဒပြပွဲများသည် ထိုင်းနိုင်ငံ၏ စီးပွားရေးကို ထိခိုက်စေနိုင်ကြောင်း၊ ညှိနိုင်း ဆွေးနွေးခြင်းများ လိုအပ်နေကြောင်း ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ဆိုသည်။

၂၀၁၀ လူထုအကြွမှုများ ဖြစ်ပြီးနောက် နောက်ထပ် အကြီးဆုံး နိုင်ငံရေး မတည်ငြိမ်မှုအဖြစ် လူထုဆန္ဒပြပွဲများကို ယင်းလပ်၏ အစိုးရက ကြုံနေရသည်။

ထိုင်းနိုင်ငံရေး အကျပ်အတည်းများနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မစ္စတာဘန်ကီမွန်းက စိုးရိမ်ကြောင်း ပြောဆိုခဲ့ကာ အင်အားစု နှစ်ဖက်လုံးက သည်းခံ ချုပ်ထိန်းကြရန်လည်း တိုက်တွန်းသွားသည်။

ဆန္ဒပြလူအုပ်က အစိုးရကို ဖျက်သိမ်းပေးရန် တောင်းဆိုနေကြပြီး အစိုးရ ဝန်ကြီးဌာနရုံးများကို ပိတ်ဆို့ ဆန္ဒပြကြကာ အစိုးရ ယန္တရားကို အနှောင့်အယှက် ပြုကြခြင်း ဖြစ်သည်။

ယခင်ဒီမိုကရက်တစ် အစိုးရဟောင်း လက်ထက်က လွှတ်တော် အမတ်ဟောင်းများ ဦးဆောင်သော ဆန္ဒပြ ပြည်သူများက ယင်းလပ်အစိုးကို ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က နောက်ကွယ်မှ ကြိုးကိုင်နေကြောင်း ပြောကြားခဲ့သည်။

ယင်းလပ်၏ ဖေ့အ်ထိုင်း ပါတီသည် ပါလီမန်တွင် အထူးလုံခြုံရေး ဥပဒေကို အတည်ပြုခဲ့နိုင်ပြီးနောက် ညမထွက်ရအမိန့် ထုတ်ခြင်း၊ လမ်းပိတ်ခြင်း၊ ဆန္ဒပြ ခေါင်းဆောင်များကို ဖမ်းမိန့်ပေးနိုင်ခြင်း စသည်တို့ကို လုပ်ဆောင်ရန် အဆင်သင့် ဖြစ်လျက်ရှိသည်။

သို့သော် ယခုအချိန်အထိ ဆန္ဒပြသူများသည် အကြမ်းဖက်မှု များကို ပြုလုပ်ခြင်း မရှိကြသေးပဲ ငြိမ်းချမ်းစွာပင် ရှိနေသေးသည်ဟု သတင်းထောက်များက ပြောကြားသည်။

ထိုင်းဒုစရိုက် နှိမ်နင်းရေး အေဂျင်စီရုံးကိုလည်း ဆန္ဒပြသူ ရာပေါင်းများစွာက ဝန်းရံခဲ့ပြီးနောက် အထဲမှ ဝန်ထမ်းများကို အပြင်သို့ ထွက်ခိုင်းခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက “အကြမ်းဖက်မှုတွေကို မလုပ်ကြဘဲနဲ့ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေးတို့ကို လေးစားလိုက်နာကြပါ” ဟု တိုက်တွန်း ပြောကြားခဲ့သည်။

အေးချမ်းမွန် Credit To >The Voice Weekly < Thankhttps://www.facebook.com/excellencemedia
1

Post a Comment

 
Top